၁၇. ၁၂. ၂၀၂၄
Written by Nyein Kyaw
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အဆိုပါအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ပြီး ပင်လယ်ရေကြောင်း အကောက်အခွန်အက်ဥပဒေ ပုဒ်မ ၂၃ နှင့် အကောက်ခွန်နှုန်းဥပဒေ ပုဒ်မ ၇ တို့အရ လက်ခစားအပ်ကုန်စနစ်ဖြင့် ပြည်ပမှ တင်သွင်းသည့် ကုန်ကြမ်းပစ္စည်းများနှင့် ထုပ်ပိုးပစ္စည်းများအပေါ် အကောက်ခွန်အားလုံး ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း အမိန့်ကြော်ငြာစာအမှတ် (၇၇/၂၀၂၄) ဖြင့် အသိပေးထုတ်ပြန်ထားသည်။
လက်ခစားအပ်ကုန်စနစ်ဆိုသည်မှာ ပြည်ပမှတင်သွင်းသည့် ကုန်ကြမ်းပစ္စည်းများအား ပြည်တွင်း၌ ဖြတ်တောက်ခြင်း၊ ချုပ်လုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ပြန်လည်ပြင်ဆင်ခြင်း နည်းလမ်းတစ်မျိုးမျိုးဖြင့် ကုန်ကြမ်းပစ္စည်းများကို ကုန်ချောအဖြစ် ထုတ်လုပ်ပြီး ယင်းကုန်ချောများကို ထုပ်ပိုး၍ ပြည်ပသို့ ပြန်လည်တင်ပို့ရာတွင် လက်ခရယူ ဆောင်ရွက်သည့်စနစ်ကို ဆိုလိုကြောင်း အမိန့်ကြော်ငြာစာအမှတ် (၇၅/၂၀၂၄ ) ဖြင့် ပူးတွဲထုတ်ပြန်ပေးထားသည်။
လက်ခစားစနစ်ဖြင့် ဆောင်ရွက်သူများအနေဖြင့် တင်သွင်းသည့် ကုန်ကြမ်းပစ္စည်းများနှင့် ထုပ်ပိုးပစ္စည်းများကို ကုန်ချောထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်ပို့ရာတွင် သွင်းကုန်ကြေညာလွှာ တင်သွင်းသည့်နေ့မှ တစ်နှစ်အတွင်း တင်ပို့ရမည်ဖြစ်သည်။
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ပြန်လည်မတင်ပို့နိုင်ခြင်းနှင့် လွှဲပြောင်းရောင်းချမှုသူများသည် ကင်းလွတ်ခွင့်ရရှိခဲ့သည့် ကုန်ကြမ်းပစ္စည်းများနှင့် ထုတ်ပိုးပစ္စည်းများအတွက် ကျသင့်အကောက်ခွန်၊ အခြားအခွန်အခများ ပေးဆောင်ရမည့်အပြင် သတ်မှတ်ဒဏ်ကြေးကိုလည်း ပေးဆောင်ရမည်ဖြစ်သည်။
လက်ခစားအပ်ကုန်စနစ်ဆောင်ရွက်ခွင့်ရရှိသူသည် ပြည်ပသို့ မတင်ပို့ဖြစ်သည့် လက်ကျန်ပစ္စည်းများရှိလျှင် ယင်းလက်ကျန်စာရင်းကို ဘဏ္ဍာရေးနှစ်ကုန်ဆုံးမည့် ဒုတိယ နောက်ဆုံးလအတွင်း ကုန်ကြမ်းပစ္စည်းများအတွက် နောက် ဆက်တွဲ ပုံစံ-၆ ဖြင့်လည်းကောင်း၊ ထုပ်ပိုးပစ္စည်းများအတွက် နောက်ဆက်တွဲ ပုံစံ-၇ ဖြင့်လည်းကောင်း အကောက်ခွန်ဦးစီးဌာနသို့ မပျက်မကွက် တင်ပြရမည်ဖြစ်သည်။
ထို့ပြင် ကုန်ကြမ်းပစ္စည်းနှင့် ထုပ်ပိုးပစ္စည်းကိုဖြစ်စေ၊ ကုန်ချောပစ္စည်းကိုဖြစ်စေ ပြည်တွင်း သုံးစွဲခြင်းမပြုဘဲ ဖျက်ဆီးရန် လျှောက်ထားပါက မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စစ်ဆေးပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီမှန်ကန်ကြောင်း အတည်ပြုချက်ရရှိမှ ဖျက်ဆီးရမည်ဖြစ်ပြီး ဖျက်ဆီးသည့်ပစ္စည်းများအတွက် ကျသင့်အကောက်ခွန်ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။
လက်ခစားအပ်ကုန်စနစ်ဆိုင်ရာ အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေနှင့် တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်ဖြစ်ပြီး အမိန့်ကြော်ငြာစာအမှတ် (၇၅/၂၀၂၄ )သည် ယခုဒီဇင်ဘာ ၁ ရက်မှ စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။