၁၇.၁၂.၂၀၂၄
Translated by Htwe Ko Tun
မြန်မာနိုင်ငံတွင် ပြည်တွင်းပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသည့် စစ်ဘေးရှောင်ပြည်သူဦးရေမှာ ပဋိပက္ခ ပိုမိုကျယ်ပြန့်လာမှုကြောင့် ၂၀၂၅ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းခန့် တိုးမြင့်ကာ အရေအတွက်အားဖြင့် ၄ ဒသမ၅ သန်းထိရှိလာနိုင်တယ်လို့ ကုလသမဂ္ဂ ခန့်မှန်းချက်တစ်ခုက ဖော်ပြခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ဒီဇင်ဘာလ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်သောင်းကျန်းသူအုပ်စုတွေရဲ့ မြန်မာ့တပ်မတော်ကို ပုန်ကန်တိုက်ခိုက်တဲ့တိုက်ပွဲတွေက နိုင်ငံတစ်ဝန်းလိုလို ဖြစ်ပွားခဲ့ပြီး အရပ်သားတွေအနေနဲ့ အကြမ်းဖက်မှုတွေ တိုးပွားလာမှုရဲ့ အဆိုးဝါးဆုံး ဒဏ်ရာဒဏ်ချက်ကို ခံစားခဲ့ရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေ တိုးပွားလာမှုက နစကအစိုးရက ကတိပြုထားတဲ့ ၂၀၂၅ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးကိုလည်း မသေမချာတောင် ဖြစ်စေခဲ့ပါတယ်။
ဒီဇင်ဘာလ ၁၃ ရက်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂအစီရင်ခံစာမှာ ၂၀၂၄ ခုနှစ်အတွင်း စစ်ဘေးရှောင်ပြည်သူဦးရေက အကြမ်းအားဖြင့် ၃ ဒသမ ၅ သန်းရှိမယ်လို့ ဖော်ပြခဲ့ပါတယ်။ နိုင်ငံတစ်ဝန်း လက်နက်ကိုင်တိုက်ပွဲတွေက ပြည်သူအများအပြားကို သူတို့ရဲ့နေအိမ်နေတွကို စွန့်ခွာထွက်ပြေးကြဖို့ ဖြစ်လာခဲ့တယ် ဆိုရမှာပါ။
စက်တင်ဘာလအတွင်းက တိုင်ဖွန်းရာဂီတိုက်ခတ်သွားမှုကြောင့်လည်း နိုင်ငံအတွင်း နေရပ်စွန့်ခွာထွက်ပြေးကြရတာတွေ အများအပြားဖြစ်ခဲ့ရပြန်ပါတယ်။
၂၀၂၁ ခုနှစ်မှာ တပ်မတော်က နိုင်ငံတော်အာဏာကိုထိန်းသိမ်းခဲ့ပြီးတဲ့နောက် စစ်ဘေးရှောင်လူဦးရေက ပုံမှန်မြင့်တက်လာနေခဲ့ပြီး ကုလသမဂ္ဂအစီရင်ခံစာက စစ်ဘေးရှောင်ပြည်သူတွေရဲ့ ၄၆ ရာခိုင်နှုန်းက နှစ်ကြိမ်မှ ငါးကြိမ်အထိနဲ့ ၂၄ ရာခိုင်နှုန်းကတော့ ငါးကြိမ်အထက် မိမိတို့ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရတာလို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့က ကယ်ဆယ်ရေးစခန်းတစ်ခုမှာ အသက် ၅၁ နှစ်ရှိ အမျိုးသားတစ်ဦးကို နိုဝင်ဘာလထဲမှာ တွေ့ဆုံမေးမြန်းရာမှာလည်း သူက အနီးရှိ စစ်ကိုင်းတိုင်းဒေသကြီးထဲကဖြစ်ပြီး စစ်ဘေးကြောင့် မိသားစုနဲ့အတူ ၂၀၂၂ ခုနှစ်ထဲက နေရပ်ကိုစွန့်ခွာထွက်ပြေးခဲ့ရတာလို့ ပြောခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက အပြည်ပြည်ဆိုင်ရာအနေနဲ့ ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံက စစ်ဘေးရှောင်ဒုက္ခရောက်နေသူတွေအတွက် ဒေါ်လာ ၅ ဒသမ ၅ သန်းအကူအညီပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့ပြင် ကုလသမဂ္ဂ၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက နိုင်ငံတွင်း အိုးအိမ်တွေကို စွန့်ခွာပြီး စစ်ဘေးရှောင်ပြောင်းရွှေ့မှုမလုပ်ရပေမယ့် လူဦးရေ ၅၇ သန်းရှိမြန်မာနိုင်ငံ ရဲ့ အကြမ်းဖျင်းအားဖြင့် သုံးပုံတစ်ပုံခန့်ရှိမယ့် ပြည်သူ ၁၉ ဒသမ ၉ သန်းဟာလည်း လူသားချင်းစာနာမှုအထောက်အပံ့တွေ လိုနေတယ်လို့ ပြောခဲ့ပါတယ်။
Ref- Nikkei Asia