MT News
၁၇. ၁၂. ၂၀၂၄
ဝန်ကြီးဌာန ၁၉ ခုအတွက် လစ်လပ်ရာထူးနေရာ ၁၀၀၀ ခန့်ခေါ်ယူလိုက်ပြီး CDM လိုမျိုး သစ္စာမဲ့မှုကြောင့် အထုတ်ခံရသူတွေအပါအဝင် ရာထူးက အထုတ်ခံထားရသူတွေကို ရွေးမှာမဟုတ်ဘူးလို့လည်း ကြိုတင်သတိပေးထားတာ တွေ့ရပါတယ်။
ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်း (၁၉)ခုမှာ လစ်လပ်လျက်ရှိတဲ့ ဦးစီးအရာရှိတွေနဲ့ လက်ထောက်ကထိကခေါ်ယူမှု ရာချီအပါအဝင် ရာထူးနေရာ ၁၀၀၀ ခန့်စာအတွက် Online e-Recruitment and Selection System (e-RSS) (UCSB e-RSS Mobile Application နဲ့ UCSB e-RSS Web Based) တို့ကို အသုံးပြုပြီး ၁၂-၁-၂၀၂၅ ရက်နေ့ နောက်ဆုံးထားပြီး ဝင်ရောက်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
ခေါ်ယူထားတဲ့ဝန်ကြီးဌာနတွေက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စတဲ့ ဝန်ကြီးဌာနတွေအတွက် ခေါ်ယူတာဖြစ်ပါတယ်။
ဒီ ဝန်ကြီးဌာနနဲ့အဖွဲ့အစည်း(၁၉)ခုရှိ လစ်လပ်ရာထူးနေရာများစွာအတွက် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ နည်းဥပဒေ ၂၁ဝ၊ နည်းဥပဒေခွဲ(ဇ)အရ ရာထူးက ထုတ်ပယ်ခံရသူတွေ လျှောက်ထားလာမှာကို လက်ခံရယူလိုခြင်း မရှိကြောင်းနဲ့ ရာထူးက ထုတ်ပယ်ခံရသူတွေ လျှောက်ထားလာလည်း ရွေးချယ်မှာ မဟုတ်ကြောင်း အသိပေးဖော်ပြထားပါတယ်။
လျှောက်ထားသူတွေ အနေနဲ့ ကြော်ငြာခေါ်ယူတဲ့ရာထူးအလိုက် သတ်မှတ်ပညာအရည်အချင်းတွေနဲ့ အသေးစိတ်အချက် အလက်တွေကို အချိန်မီသိရှိလိုရင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ Website ဖြစ်တဲ့ www.ucsb.gov.mm, Web Portal & Myanmar National Web Portal-www.myanmar.gov.mm တို့မှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပြီး ထုတ်ပြန်ချက်မှာ မရှင်းလင်းတာ မေးမြန်းလိုရင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန၊ ရွေးချယ်ရေးဌာနစိတ်ရဲ့ တယ်လီဖုန်းအမှတ် ၀၆၇-၃၄၀၉၀၅၂/ ၀၆၇-၃၄၀၉၄၃၀/ ၀၉-၄၂၄၄၀၈၉၅၄/၀၉-၄၂၀၇၀၆၆၀၅/၀၉-၇၉၇၇၂၇၆၉၆/ဝ၉-၄၄၁၉၃၇၃၄၃ နဲ့ ဝ၉-၂၆၂၅ဝ၂၉၈၈ တို့ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။