၁၇.၁၂. ၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဝင်ကွန်ဆင်ပြည်နယ်အတွင်း မာဒီဆန်မြို့၌ ဒီဇင်ဘာလ ၁၆ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၁ နာရီက ခရစ်ယာန်ကျောင်းတစ်ကျောင်းတွင် ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ ဆရာတစ်ဦး၊ ဆယ်ကျော်သက်အရွယ်ကျောင်း သားတစ်ဦးတို့သေဆုံးပြီး အခြားခြောက်ဦးဒဏ်ရာများ ရခဲ့ကြောင်း ဒဏ်ရာရရှိသူများအနက် နှစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မာဒီဆန်မြို့ ရဲတပ်ဖွဲ့ အကြီးအကဲက ခရစ်စမတ်ပွဲတော်ရက် ကျောင်းပိတ်ရန် ရက်ပိုင်းအလိုတွင်ဖြစ်ခဲ့ရသော ထိုအစု လိုက်အပြုံလိုက် လူသတ်မှု၌ ပစ်ခတ်သူသေနတ်သမားကလည်း အဆိုပါကျောင်းမှ အသက် ၁၇ နှစ်ရှိ ကျောင်းသူတစ်ဦးဖြစ်ပြီး ဖြစ်ပွားရာနေရာတွင် သေဆုံးလျက်တွေ့ရကြောင်း ပြောခဲ့သည်။ ၎င်းက မိမိကိုယ်မိမိ ဒဏ်ရာအနာတရများရစေလျက် သေဆုံးခဲ့ခြင်းဟု ယုံကြည်ရကြောင်းလည်း သိရသည်။
ရဲတပ်ဖွဲ့ က ပစ်ခတ်မှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို စုံစမ်းထောက်လှမ်းနေဆဲဖြစ်ကြောင်းနှင့် ပစ်ခတ်သူ ကျောင်းသူသေနတ်သမား၏ မိသားစုကလည်း ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောခဲ့သည်။
ရဲတပ်ဖွဲ့က သတင်းစာရှင်းပွဲတွင် အဆိုပါကျောင်းသူသေနတ်သမားက ၉ မမ ပစ္စတိုသေနတ်တစ်လက်ကို အသုံးပြုပစ်ခတ်ခဲ့ခြင်းဟုလည်း ပြောခဲ့သည်။ သေနတ်သမားက သေနတ်ကို မည်ကဲ့သို့ ရခဲ့သည်ကို ရဲတပ်ဖွဲ့က မသိသေးဘဲ စုံစမ်းဆဲဖြစ်ကြောင်းလည်း ပြောခဲ့သည်။ ပစ်ခတ်မှုတွင် ဓားစာခံများကို တမင် ဦးတည်ပစ်ခတ်ခဲ့ခြင်းမျိုးဖြစ်မည်လားဟု မေးမြန်းရာတွင်လည်း ရဲအဖွဲ့ က မပြောနိုင်သေးကြောင်း ဖြေကြားခဲ့သည်။
အဆိုပါကျောင်းတွင် ကျောင်းသူကျောင်းသား ၄၂၀ ခန့်ရှိပြီး ကျောင်းက ယခုတစ်ပတ်ကျောင်းဖွင့်ပြီးလျှင် ခရစ္စမတ်ပွဲတော်အတွက် ကျောင်းပိတ်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါပစ်ခတ်မှုက အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၄ ခုနှစ်အတွင်း စာသင်ကျောင်းများ၌ပစ်ခတ်မှု အနည်းဆုံး ၈၃ ကြိမ်မြောက်လည်းဖြစ်ကာ ကျောင်းများတွင်ပစ်ခတ်မှု အများဆုံးဖြစ်ခဲ့သော ၂၀၂၃ ခုနှစ်ထက် ကျော်လွန်သွားပြီဖြစ်ကြောင်းလည်း စာရင်းဇယားများအရ သိရသည်။
Ref- CNN