၁၆. ၁၂. ၂၀၂၄
Written by Nyein Kyaw
တပ်မတော်ချည်မျှင်နှင့် အထည်လိပ်စက်ရုံ(မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲမှ ထွက်ရှိသည့် ချည်ချောများကို ပြည်သူလူထုအတွက် လိုအပ်သည့် လုံချည်နှင့်ပိတ်များအဖြစ် ယက်လုပ်မည်ဖြစ်ပြီး ပိုလျှံသည့်ချည်များကို ပြင်ပဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ပြုလုပ်သည့် တပ်မတော်ချည်မျှင်နှင့် အထည်လိပ်စက်ရုံ(မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။
ယခု တည်ဆောက်တပ်ဆင်ပြီးစီးသည့် စက်ရုံသည် စက်စွမ်းအားပြည့် လည်ပတ်မည်ဆိုပါက တစ်ရက် ချည်ပေါင်ချိန် ၄၈၄၀၊ တန်အားဖြင့် ၂ တန်ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် ၂/၈၀ ချည်ချောများကို ပြည်သူလူထုအတွက် လိုအပ်သည့် လုံချည်နှင့်ပိတ်များအဖြစ် ယက်လုပ်မည်ဖြစ်ပြီး ပိုလျှံသည့်ချည်များကို ပြင်ပဈေးကွက်ကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ)က တပ်မတော်တစ်ရပ်လုံးအတွက် လိုအပ်သည့် စစ်ဝတ်ထည်ပစ္စည်းများကို ဝါဂွမ်းကုန်ကြမ်းမှ စစ်ဝတ်ကုန်ချောအထိ ထုတ်လုပ်ပေးနေသကဲ့သို ယနေ့ ဖွင့်လှစ် လိုက်သည့် ၂/၈၀ ချည်ချောစက်ရုံသည် နိုင်ငံ၏အဝတ်အထည် လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထိုကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အဆင့်မီအဝတ်အထည်နှင့် အထည်အလိပ်များကို ထုတ်လုပ်ပေးနိုင်မည့်၊ မြန်မာ့အဝတ်အထည်လောကကို တစ်ခေတ်ဆန်းစေမည့် ဆောင်ရွက်ချက်များကို ယခုစက်ရုံကအစပြုပြီး တစ်နိုင်ငံလုံး၊ ပြည်သူလူထုတစ်ရပ်လုံး၊ အထည်အလိပ်အထောက်အကူပြု MSME လုပ်ငန်းစဉ်များတစ်ခုလုံးက ဦးတည်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယခု ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်လှစ်နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ချည်ထည် ခေတ်တစ်ခေတ်ပြောင်းလဲမှု၏ အစဖြစ်သည်ဟု ပြောလိုကြောင်း၊ မိမိတို့အနေဖြင့် အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်သည့် ဝါမျိုးကောင်း၊ မျိုးသန့်များကို စိုက်နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်ပြီး ဝါအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ကြရန်လိုအကြောင်း၊ တစ်ဖက်ကလည်း ဝါကြိတ်စက်ရုံများ၊ ချည်မျှင်နှင့်အထည် စက်ရုံများကို အဆင့်မြှင့်တင်ပေးပြီး ဝါကိုအခြေခံသည့်စက်မှုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။