၁၆ .၁၂. ၂၀၂၄
Written by Hey Mar
ဘတ္ထရီစက်ဘီးစီးကာ သွားလာနေတဲ့ ကျူရှင်ဆရာမတစ်ဦး မီးပွိုင့်မှာ ကားနဲ့တိုက်မိရာက နေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ ၂၄ ရပ်ကွက်၊ မြိတ်လမ်းမနဲ့ လှော်ကားလမ်းထောင့်က မီးပွိုင့်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
သေဆုံးသူက တောင်ဒဂုံမြို့နယ်အတွင်းနေထိုင်သူ အသက် ၃၅ နှစ်အရွယ်ဝန်းကျင် အမျိုးသမီးတစ်ဦးဖြစ်ပြီး မြိတ်လမ်း မီးပွိုင့်မှာ သူစီးနင်းလာတဲ့ ဘတ္ထရီ
စက်ဘီးကို ပျက်စီးလျက်သားတွေ့ရကာ လူကတော့ တိုက်မိတဲ့ကားအောက်ချိတ်ပါလျက်သား နှစ်မှတ်တိုင်နီးပါးအကွာအထိပါသွားတာလို့ မြေပြင်အကူအညီပေးခဲ့တဲ့ တောင်ဒဂုံ အခြေစိုက် ရှင်သန်ခွင့်လူမှုကူညီရေး အသင်းတာဝန်ရှိသူက မျက်မြင်အခြေအနေအပေါ် MT News ကို ပြောပြပါတယ်။
အဆိုပါ အသင်းတာဝန်ရှိသူက ” မြိတ်လမ်းမီးပွိုင့်မှာ တိုက်တယ်လို့ ယူဆရတဲ့ပုံပါပဲ။ စက်ဘီးက အဲ့ဒီနားမှာ ကျန်ခဲ့တာ။ လူက ကားနဲ့ချိတ်ပြီး မီးပွိုင့်အထွက် ဂိတ်ဟောင်းဈေးဘက် ပါသွားတာပါ။ ကျွန်တော်တို့ရောက်တော့ အသက်မရှိတော့ပါဘူး။ ရုပ်အလောင်းကို ဆွဲထုတ်ကြည့်သေးတယ်။ ဘယ်လိုမှမရတာနဲ့ ကျွန်တော်တို့ မီးသတ်ဌာနကို ဆက်သွယ်ရတယ်။ သူတို့ကနေမှ စက်ကိရိယာတွေ အကူအညီနဲ့ ထုတ်ပေးလို့ ရုပ်အလောင်းရတာနဲ့ အသင်းကားနဲ့ မြောက်ဥက္ကလာဆေးရုံဆီ ပို့ပေးခဲ့ပါတယ်” လို့ MT News ကို ပြောပါတယ်။
ယာဉ်မောင်းနှင်သူကိုလည်း သက်ဆိုင်ရာက ပူးပေါင်းဖြေရှင်းနိုင်ဖို့ ထိန်းသိမ်း ခေါ်ဆောင်သွားပြီး သေဆုံးသူရဲ့ တယ်လီဖုန်းကနေတစ်ဆင့် မိသားစုကိုလည်း ဆက်သွယ်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရှိရပါတယ်။
ဓာတ်ပုံ – ရှင်သန်ခွင့် လူမှုကူညီရေးအသင်း။