MT News
၉. ၁. ၂၀၂၃
၂၀၂၃ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုလူဦးရေစာရင်းများ စတင်ကောက်ခံနေပြီး အဆိုပါကောက်ခံမှုကို ယနေ့မှစတင်ကာ ဇန်နဝါရီလကုန်အထိ မြို့နယ်အလိုက် Working Group များဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
“ဟုတ်ပါတယ်။ ဒီနေ့ စကောက်နေတာပါ။ ဇန်နဝါရီလကုန်အထိ ကောက်မှာပါ” ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူနိုင်ရန် မြို့နယ်အလိုက်သင်တန်းပေးမှုများကို ဒီဇင်ဘာလအတွင်း သင်တန်းပေးခဲ့ပြီးနောက် ဇန်နဝါရီတွင် စတင်ကောက်ခံခဲ့ခြင်းဖြစ်သည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် ကျောက်တံတားမြို့နယ်တွင်လည်း မြေပြင်တစ်အိမ် တက်ဆင်းကွင်း ဆင်းကောက်ယူရေးအဖွဲ့(Working Group) များမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ အမှတ်(၃)ရပ်ကွက်အတွင်း ကောက်ယူခဲ့သည်။
အဆိုပါအိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးညီညီမင်း၊ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဥက္ကာ၊ ကျောက်တံတားခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွဋ်လွင်၊ ကျောက်တံတားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင်စိန်နှင့်အဖွဲ့များ၊ လဝကဦးစီးမှူး ဦးတင်စိုးနှင့်အဖွဲ့များ လိုက်ပါ၍ ကြည့်ရှုခဲ့ပြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group)များမှ အိမ်ထောင်စု လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းကို ကောက်ကွက်တစ်ဖွဲ့လျှင် ၅ ဦးနှုန်းဖြင့် စာရင်းကောက်ကွက် ၄ ကွက်ဖွဲ့၍ ကောက်ကွက် တစ်ကွက်လျှင် အိမ်ထောင်စု ၅၀၀ စုနှုန်းဖြင့် ကောက်ယူသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။