၁၆.၁၂.၂၀၂၄
Written by KL
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်ပြည်သူ့ဆေးရုံနောက်ကျောရှိ ဥရုချောင်းတွင် ဒီဇင်ဘာလ ၁၅ ရက် နေ့လယ်က တူအရီး ၃ ဦး ရေကူးသင်ရာမှ ရေနစ်မှုဖြစ်ပွားခဲ့ပြီး ဦးလေးနှင့်တူမဖြစ်သူတို့ ရေနစ်သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်)ထံမှ သိရသည်။
ရေနစ်မှုကြောင့် ဥရုချောင်းဘေးတွင် နေထိုင်သောအသက် ၃၈ နှစ်အရွယ် ဦးအားကျုနှင့် အသက် ၁၁ နှစ်အရွယ် မစုရတီဖြိုးတို့ သေဆုံးခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက် ညနေ ၄ နာရီကျော်တွင် ဦးလေး၏ရုပ်အလောင်းကို တွေ့ရှိခဲ့သော်လည်း တူမဖြစ်သူ၏ရုပ်အလောင်းကို ပြန်မတွေ့သေးကြောင်း သိရသည်။
“ဦးလေးက တူနဲ့တူမကို ရေကူးသင်ပေးနေရာကနေ တူမလုပ်သူက ရေနစ်လို့ ဦးလေးက လိုက်ဆယ်ရာကနေ ရေနစ်ပြီးဆုံးသွားတာ”ဟု ကယ်ဆယ်ရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။
သေဆုံးသော ဦးလေးဖြစ်သူ၏ရုပ်အလောင်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်)မှ အဖွဲ့ဝင်များက ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။