◾️ ထိုင်းနိုင်ငံနှင့် “ဝ” တပ်တို့အကြား ဖြစ်ပွားနေသည့် နယ်စပ်ဒေသအငြင်းပွားများအား ထည့်သွင်းဆွေးနွေးမည် မဟုတ်
၁၆. ၁၂. ၂၀၂၄
Written by Nyein Kyaw
ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် အလွတ်သဘောဆွေးနွေးပွဲသို့ မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်မည်ဖြစ်ပြီး နယ်စပ်တည်ငြိမ်ရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ပူးပေါင်းတိုက်ဖျက်ရေးအတွက်သာ ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ဖြေကြားသည်။
“အဓိကတော့ နယ်စပ်ရေးရာကိစ္စတွေ၊ နယ်စပ်ဖြတ်ကျော်မှုခင်းကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။ နယ်စပ်တည်ငြိမ်ရေး၊ နယ်စပ်ဒေသဖြတ်ကျော်မှုခင်းများ ပူးပေါင်းတိုက်ဖျက်နိုင်ရေးအတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထိုင်းနိုင်ငံ၌ ဒီဇင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ပြုလုပ်မည့် အလွတ်သဘော ဆွေးနွေးပွဲနှစ်ခုနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၁၉ ရက်တွင် ပြုလုပ်မည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ အစည်းအဝေးကိုသာ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ဦးစီးပြီးတက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီနေ့ မီဒီယာတွေမေးနေကြတဲ့ ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် အလွတ်သဘော ဆွေးနွေးပွဲနှစ်ခုနဲ့ ပတ်သက်ပြီး ဒီလ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံနှင့် အိမ်နီးနားချင်းနိုင်ငံများ အစည်းအဝေးကိုတော့ မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ဦးစီးပြီး တက်ရောက်သွားမှာဖြစ်ပါတယ်။ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ တရုတ်၊ လာအို၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်က ဝန်ကြီးအဆင့်ရှိသူများ၊ ဒုတိယဝန်ကြီးအဆင့်ရှိသူများနဲ့ တာဝန်ရှိသူများလည်း တက်ရောက်ကြမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အဆိုပါ အစည်အဝေးအတွင်း ထိုင်းနိုင်ငံနှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အကြား ဖြစ်ပွားနေသည့် နယ်စပ်ဒေသအငြင်းပွားမှုများနှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည်မဟုတ်ဘဲ ယင်းကိစ္စရပ်အား မြန်မာ-ထိုင်းတို့အကြား အဆင့်ဆင့်ဖွဲ့စည်းထားသည့် နယ်ခြားကော်မတီအစည်းအဝေးများမှသာ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီမှာတော့ “ဝ” ဖြစ်နေတဲ့ကိစ္စ ဒါနဲ့ပတ်သက်ပြီး သီးခြားကိစ္စဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ နယ်ခြား မြန်မာနဲ့ထိုင်းခြားမှာ နယ်ခြားကော်မတီ အဆင့်ဆင့်ဖွဲ့စည်းထားတာရှိပါတယ်။ TBC, RBC အစရှိသဖြင့် လစဉ်လည်း ဆွေးနွေးဆောင်ရွက်လျက်ရှိပါတယ်။ ဒီကိစ္စတွေကတော့ ဒီနယ်ခြားဒေသကော်မတီတွေရဲ့ ပုံမှန်အစည်းအဝေးကနေတစ်ဆင့်ပဲ ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထိုင်းနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး ဒေသဆိုင်ရာဆွေးနွေးပွဲနှစ်ခုကို ဒီဇင်ဘာလ ၁၉ ရက် နှင့် ၂၀ ရက်တို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ ၁၉ ရက် ဆွေးနွေးပွဲတွင် မြန်မာအစိုးရ ကိုယ်စားလှယ်များတက်ရောက်ပြီး နယ်စပ်လုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအတွက် အကြံပြုဆွေးနွေးကြမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေး ထုတ်ပြန်ထားသည်။