၁၆.၁၂.၂၀၂၄
Translated by Htwe Ko Tun
ဒေသအတွင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ တရုတ်တိုင်ဝမ်တို့အကြား တင်းမာနေတဲ့အခြေအနေကြားမှာပဲ တရုတ်တိုင်ဝမ်က ခေတ်မီ Abrams တိုက်ပွဲဝင်တင့်ကား ၃၈ စီးကို အမေရိကန်ပြည်ထောင်စုမှ လက် ခံရရှိခဲ့တယ်လို့ တရုတ်တိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၆ ရက်မှာ ပြောကြားခဲ့ပါ တယ်။
တရုတ်နိုင်ငံက စစ်အင်အားသုံး တိုက်ခိုက်လာနိုင်ခြေရှိမှုကြောင့် တရုတ်တိုင်ဝမ်ကလည်း သူ့ရဲ့စစ်ရေးစွမ်းဆောင်နိုင်ရည်ကို မြှင့်တင်နေတာပဲလို့ ယူဆရပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက တရုတ်တိုင်ဝမ်ကို တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်တယ် လို့ ပြောကြားမှုကို တရုတ်တိုင်ဝမ်ရဲ့ အရေးအကြီးဆုံးမဟာမိတ်ဖြစ်ပြီး အကြီးမားဆုံးလက်နက်တင်ပို့သူလည်း ဖြစ်တဲ့ အမေရိကန်အစိုးရက မကျေမနပ်ဖြစ်နေခဲ့တာပါ။
တရုတ်တိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၅ ရက်မှာလည်း မှာယူထားတဲ့ M1A2 တင့်ကား ၁၀၈ စီးအနက် ပထမအသုတ်က တရုတ်တိုင်ဝမ်ကို ရောက်ရှိလာခဲ့ပြီး တိုင်ပေမြို့တော်တောင်ဘက် စင်ချုးရှိ စစ်ဘက်လေ့ကျင့်ရေးအခြေစိုက်စခန်းတစ်ခုကို လွှဲပြောင်းပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
Abrams တိုက်ပွဲဝင်တင့်ကားတွေက ကမ္ဘာပေါ်မှာ အကြီးမားဆုံးတင့်ကားတွေလည်းဖြစ်ပြီး အမေရိကန်စစ်တပ်အတွက် အဓိက ပံ့ပိုးမှုတွေလည်းဖြစ်ပါတယ်။ M1A2 တင့်ကားတွေကတော့ နှစ် ၃၀ အတွင်း တရုတ်တိုင်ဝမ်သို့ ပထမဆုံးပေးပို့တဲ့ တင့်ကားအသစ်တွေပါ။ လက်ရှိမှာတော့ တရုတ်တိုင်ဝမ်ရဲ့ တင့်ကားတပ်ဖွဲ့မှာ နည်းပညာအရ ခေတ်နောက်ကျနေပြီဖြစ်တဲ့ တိုင်ဝမ်လုပ် CM 11 Brave Tiger နဲ့ အမေရိကန်လုပ် M60A3 တင့်ကားတွေနဲ့ ဖွဲ့စည်းထားတာပါ။
ဒါကြောင့်လည်း တရုတ်တိုင်ဝမ်အစိုးရက အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံတန်ဖိုးရှိ Abrams တင့်ကား ၁၀၈ စီးကို မကြာခင်က မှာယူခဲ့တာပါ။ တရုတ်တိုင်ဝမ်အနေနဲ့ ပြည်တွင်းကာကွယ်ရေးစက်မှုလုပ်ငန်းကို အဆင့်မြှင့်တင်ဖို့ ကြိုးစားနေသော်လည်း သူ့ရဲ့လုံခြုံရေး စွမ်းဆောင်နိုင်ရည်အတွက် အမေရိကန်ကရောင်းချမယ့် စစ်ပစ္စည်းတွေကို ကြီးမားစွာမှီခိုနေရဆဲပါ။
၂၀၂၄ ခုနှစ်အတွင်း တရုတ်တိုင်ဝမ်က အမေရိကန်မှစစ်ပစ္စည်း အမေရိကန်ဒေါ်လာ ၁၉ ဘီလျံဖိုး စံချိန်တင်မှာယူခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာ ပိုလို့ များပြားလာဖို့ရှိတယ် ဆိုပါတယ်။ တရုတ်နိုင်ငံကလည်း တိုင်ဝမ်ကျွန်းပတ်လည်မှာ သူ့ရဲ့ စစ်သင်္ဘောတွေနဲ့ လေယာဉ်တွေ တပ်ချလှုပ်ရှားကာ စစ်ရေးအားဖြင့် ဖိအားပေးလျက်ရှိပါတယ်။
Ref- CNA