၁၆. ၁၂. ၂၀၂၄
Translated by Thettant
Negri Sembilan လူဝင်မှုကြီးကြပ်ရေးဌာန (JIMNS) ဟာ နီလိုင်မြို့ Bandar Nilai မှာရှိတဲ့ ကြယ်နှစ်ပွင့်ဟိုတယ်မှာ အကြို ခရစ္စမတ်ပွဲတော်တစ်ခုကိုကျင်းပနေတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ မြန်မာ ၆၉ ဦးကို ဒီဇင်ဘာ ၁၄ ရက် ညသန်းကျော်အချိန်မှာ အပြီးသတ်ဖမ်းဆီးလိုက်ပါတယ်။
ည ၁၀ နာရီက စတင်တဲ့ ၃ နာရီနီးပါးကြာ စစ်ဆင်ရေးမှာ ဖမ်းဆီးခံရသူအားလုံးက အသက် ၂၀ အရွယ်ကနေ ၄၆ နှစ်ကြား အမျိုးသား ၅၅ ဦးနဲ့ အမျိုးသမီး ၁၄ ဦးတို့ ပါဝင်ပြီး ဒီပွဲကို ဦးဆောင် အဓိက စီစဉ်သူလို့ သံသယရှိသူ လေးဦးလည်း ဖမ်းမိခဲ့တာပါ။
ဖမ်းဆီးထားတဲ့ မြန်မာ ၆၉ ဦးဟာ မလေးရှားတော်ဝင်ရဲတပ်ဖွဲ့ (PDRM) နဲ့ Negeri Sembilan လဝကအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း စစ်ဆေးခံခဲ့ရတဲ့ နိုင်ငံခြားသား ၂၅၃ ဦးထဲ ပါဝင်သလို ဒီစုဝေးလှုပ်ရှားမှုတွေထဲမှာ ဟောပြောပွဲတွေနဲ့ ခရစ္စမတ်အကြိုပွဲတော်တွေ ပါဝင်ပြီး မြန်မာအများစုက Bandar Nilai ပတ်၀န်းကျင်မှာ အလုပ်လုပ်ကြကာ တခြားသူတွေက ကွာလာလမ်ပူနဲ့ အနီးတစ်ဝိုက် Klang Valley ကနေ အထူးဘတ်စ်ကားနဲ့ ဟိုတယ်ကို လာခဲ့ကြတာပါလို့လည်း JINMS ရဲ့ ဒါရိုက်တာ Kennith Tan Ai Kiang က ပြောပါတယ်။
စီးနင်းမှုပြုလုပ်ချိန်မှာ နိုင်ငံခြားသားတွေက အာဏာပိုင်တွေကို တိမ်းရှောင်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ ထွက်ပေါက်တံခါးတွေကို ဝင်ရောက်စီးနင်းသူတွေက ဝိုင်းရံပိတ်ဆို့ထားနိုင်ခဲ့တာပါ။
လတ်တလောမှာ ဖမ်းဆီးခံထားရသူတွေကို တရားဝင် သက်သေခံ စာရွက်စာတမ်းများ လက်ဝယ်မရှိတာ၊ တည်းခိုနေထိုင်တာနဲ့ ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေး၊ ၁၉၉၆ ခုနှစ် နိုင်ငံကူးလက်မှတ် အက်ဥပဒေနဲ့ ၁၉၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးစည်းမျဥ်းစည်းကမ်းတွေ ချိုးဖောက်မှုနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးထားသူအားလုံးကို စုံစမ်းစစ်ဆေးဖိုနဲ့ ဆက်လက်အရေးယူဖို့အတွက် Lenggeng လူဝင်မှုကြီးကြပ်ရေးဌာနမှာ ထားရှိမှာဖြစ်သလို ဒီဖမ်းဆီးမှုကို အများပြည်သူ တိုင်ကြားချက်နဲ့ JIMNS ထောက်လှမ်းရေးတို့အပေါ် အခြေခံပြီး စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ကြောင်းအပြင် တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို သတင်းပေးပို့ဖို့၊ အလုပ်ရှင်တွေနဲ့ တရားမဝင်အလုပ်သမားတွေကို အလုပ်မခန့်ဖို့လည်း သတိပေးခဲ့ပါတယ်။
Ref , Bernama