၁၆.၁၂. ၂၀၂၄
Written by Shwe Phyo
မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆာရီအန်ဝါ အီဘရာဟင်က အာဆီယံအဖွဲ့တွင် မြန်မာနိုင်ငံ အပြည့်အ၀ ပြန်လည်ပူးပေါင်းပါဝင်နိုင်ရန် အစိုးရအဆင့်တိုင်းတွင် စီမံဆောင်ရွက်ခြင်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထား သည်။
မလေးရှားဝန်ကြီးချုပ်က “မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ရပ်တည်ချက်တွေဟာ ကြိုတင်သဘောတူညီထားတဲ့အတိုင်းပါပဲ။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာအဖြေရှာနိုင်အောင် အာဆီယံသဘောတူညီချက်ငါးချက်ကို အပြည့်အဝအကောင်ထည့်ဖော်ဖို့ ကျွန်တော်တို့ဟာ ကတိပြုထားတယ်။ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွေကတစ်ဆင့် အာဆီယံသဘောတူညီချက်ငါးချက်အကောင်ထည်ဖော်ရေးကို လုပ်ဆောင်သွားမယ်။ အာဆီယံအဖွဲ့အစည်းအတွင်း မြန်မာနိုင်ငံ ပြန်လည်ပါဝင်လာလို့ရအောင် စီမံဆောင်ရွက်သွားမယ်” ဟု ပြောသည်။
၂၀၂၅ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူခွင့်ရမည့် မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများအရှိန်လျှော့ချရေး၊ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးတိုးမြှင့်ဆောင်ရွက်နိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြုထားကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောသည်။
ထို့အပြင် မလေးရှားဝန်ကြီးချုပ်သည် မလေးရှားနိုင်ငံ၏ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် လာမည့်နှစ်တွင် တာဝန်ယူသည့်အခါ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို ၎င်း၏ အလွတ်သဘော အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်ပြီး နိုင်ငံ့ခေါင်းဆောင်ဖြစ်ခဲ့သာ သက်ဆင်၏အကြံဉာဏ်သည် မလေးရှားနိုင်ငံအတွက် အလွန်အသုံးဝင်မည်ဟု အန်ဝါက ပြောကြားသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး အာဆီယံအဖွဲ့သို့ ဝင်ရောက်သော ၁၀ နိုင်ငံမြောက်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးပြဿနာများဖြစ်လာခဲ့ပြီးနောက်ပိုင်းမြန်မာနိုင်ငံ၏ အာဆီယံအဖွဲ့သည် သိသာထင်ရှားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာများဖြစ်လာခဲ့ပြီးနောက်ပိုင်း နစကသည် အာဆီယံအဖွဲ့နှင့် အာဆီယံသဘောတူညီချက်ငါးချက် ရယူနိုင်ခဲ့သော်လည်း အဆိုပါ အာဆီယံသဘောတူညီချက်များကို လက်ရှိအချိန်အထိ သိသာတိုးတက်အောင် အောင်မြင်မှုများဆောင်ရွက်နိုင်သေးခြင်းမရှိဟု ဆိုကာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံထိပ်သီးအစည်းအဝေးများကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံရေးနှင့်မပတ်သက်သော ကိုယ်စားလှယ်သာတက်ရောက်ခွင့်ပြုထားကြောင်း သိရသည်။
Ref , newstraitetimes