၁၆.၁၂.၂၀၂၄
Written by Hey Mar
ဒီနေ့မနက် အစောပိုင်းက ဆောက်လုပ်ရေးလုပ်သားတစ်ဦး မောင်းနှင်စီးနင်းလာတဲ့ဆိုင်ကယ် ရိုက်နှက်လုယက်ခံရပြီး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တဲ့ဖြစ်စဉ် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်ပင်လယ်ရပ်ကွက်ဘက်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီဇင်ဘာ ၁၆ ရက်နေ့ မနက် ၅ နာရီအချိန်မှာ အောင်ပင်လယ်ရပ်ကွက်၊ ၄၇ လမ်းနဲ့ ၁၀၆ လမ်းထောင့်မှာ ဆိုင်ကယ်ရိုက်လုခံရတဲ့ အမျိုးသားတစ်ဦး သတိလစ်လဲကျနေကြောင်း အောင်ပင်လယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာဆီ သတင်းပေးပို့လာတဲ့အတွက် သက်ဆိုင်ရာက မြရည်နန္ဒာ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ် ခေါ်ယူကာ လူနာကို မန္တလေးဆေးရုံကြီးဆီ ပို့ဆောင်စေခဲ့တယ်လို့ သိရပါတယ်။
မြရည်နန္ဒာ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “မကြာခဏ နေ့တိုင်းလိုကိုမှ မကြာခဏဖြစ်နေတာလို့ ပြောလို့ရတယ်။ ဒီမှာမဟုတ်ရင် ဟိုမှာ ကြားရတာပါပဲ။ သွားသတိ လာသတိရှိကြပါ။ နောက်ပြီး လူပြတ်တဲ့နေရာတွေဆို တစ်ဦးတစ် ယောက်တည်း တစ်စီးတည်း မသွားစေချင်ပါဘူး။ အခုကလည်း လူနာရှင် ချက်ချင်းသိရလို့ မသိရတဲ့သူတွေဆို ကျွန်တော်တို့အသင်းတွေက လူနာဆေးရုံကိစ္စ မပြီးမချင်း စောင့်ရှောက်ရတာပါ” လို့ MT News ကို ပြောပါတယ်။
ဆိုင်ကယ်ရိုက်နှက်လုယက်ခံရတဲ့ အမျိုးသားမှာ အသက် ၃၇ နှစ်အရွယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမား တစ်ဦးဖြစ်ပြီး ဦးခေါင်း ချိုစောင်းကွဲ ဒဏ်ရာ၊ မျက်နှာ၊ နှာခေါင်းရိုးကျိုး သွေးထွက်ဒဏ်ရာတွေ ရရှိထားတယ်လို့ သိရပါတယ်။