၁၆. ၁၂. ၂၀၂၄
Written by Hey Mar
အသက်သုံးနှစ်ကျော်အရွယ် အစ္စလာမ်ဘာသာဝင် သမီးငယ်တစ်ဦး စွန့်ပစ်ခံရတယ်လို့ယူဆရတဲ့ အခြေအနေနဲ့ မနေ့က ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်က ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၂ လမ်း၊ ဘိုကလေးစျေးထိပ်မှာ တွေ့ရှိခဲ့ရပြီး လင်းလက်လူမှုကူညီရေးအသင်းရဲ့ ဗိုလ်တထောင်ရုံးခွဲမှာ ခေါ်ယူစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
မနေ့က အဆိုပါသမီးငယ်က ကုန်သည်လမ်းထိပ်မှာ လျှောက်သွားနေတာကြောင့် လမ်းထိပ်ကွမ်းယာဆိုင်က ယာဉ်အန္တရာယ်မဖြစ်အောင် ခေါ်ယူစောင့်ရှောက်ရာက စွန့်ပစ်ခံရတယ်လို့ သံသယရှိတာကြောင့် လင်းလက်လူမှုကူညီရေး အသင်းထံ အကူအညီတောင်းတယ်လို့ သိရပါတယ်။ အသင်းက ကလေးမိဘ လိုက်လံရှာဖွေရင်းကနေ ကလေးကို မေးမြန်းရာက ဘိုကလေးဈေးထိပ်မှာ ဖခင်ကထားခဲ့ကြောင်း သိရှိရတယ်လို့ သိရပါတယ်။
လင်းလက်လူမှုကူညီရေးအသင်းမှ ကလေးကို ခေါ်ယူစောင့်ရှောက်ထားသူ ကိုကျော်ကြီးက “ကလေးက ကျွန်တော်နဲ့ လူမျိုးတူ ဘာသာတူလည်းဖြစ်နေတာ တစ်ကြောင်း ကျွန်တော်သမီးလေးနဲ့ရွယ်တူမို့ ခေတ္တစောင့်ရှောက်ထားပါတယ်။ သက်ဆိုင်ရာကိုလည်း ကျွန်တော်တို့အားလုံး အသိပေးပြီး ရဲရှေ့မှာပဲ ကလေးရဲ့ပါလာတဲ့အထုပ်ကို ဖြည်ကြည့်စစ်ဆေးလက်ခံထားတာပါ။ ကလေးက သူ့နာမည် စူမာယာဆိုတာနဲ့ သူ့ကို သူ့အဖေက ဒီမှာနေခဲ့ အလုပ်ပြီးရင် ပြန်လာခေါ်မယ်ဆိုပြီး ထားခဲ့တာကိုတော့ ပြောပြတယ်” လို့ MT Newsကို ပြောပါတယ်။
ကလေးနဲ့ပတ်သက်တဲ့ သက်ဆိုင်ရာ ဆွေမျိုးသားချင်းတချို့ သိရှိနိုင်ဖို့ ကလေးပုံနဲ့တကွ ထုတ်ဖော်တင်ပြထားပြီး တစ်လတိတိ အသင်းရုံးမှာပဲ ခေါ်ယူစောင့်ရှောက်ထားမှာဖြစ်ကာ တစ်လပြည့်မြောက်တဲ့အထိ ကလေးနဲ့ပတ်သက်လို့ သက်ဆိုင်သူမပေါ်ပေါက်ပါက ကလေးအတွက် ကောင်းမွန်သင့်တော်ရာကို အသင်းအနေနဲ့ စီစဉ်မှာဖြစ်ကြောင်းလည်း လင်းလက် လူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ဇော်မိမိက ပြောပါတယ်။
ဒေါ်ဇော်မိမိက “ကလေးကို ကျွန်မတို့က သွားတွေကြည့်ပြီးတော့သာ သုံးနှစ်လို့ သတ်မှတ်ရတာ ကလေးက ရည်မွန်ပြီး ချစ်စရာပါ။ ကလေးစွန့်တာတွေ သက်ကြီးရွယ်အို၊ နာမကျန်း စွန့်လွှတ်ကြတာတွေ လိုက်ကူရတာလည်း ဒီကြားထဲ မှတ်တောင်မမှတ်မိနိုင်လောက်အောင်ပါပဲ။ အခုလည်း စွန့်ပစ်ပုံပါ။ အဝတ်အစားလေး သုံးလေးစုံရယ်၊ ခြေအိတ်လေးရယ်၊ ကလေးစားတဲ့ ဂျယ်လီလေးနှစ်ခုရယ် အိတ်ထဲမှာတွေ့ရတယ်။ နောက်ဆို စွန့်ပစ်မယ်ဆိုရင်လည်း ကလေးရဲ့မွေးနေ့သက္ကရာဇ်လေးတော့ မွေးစာရင်းလေးတော့ သေချာထည့်ပေးကြပါလို့ပဲ ပြောချင်တယ်။ ဒါမှ ကလေးရဲ့ ကျောင်းတက်ဖို့ကိစ္စတွေကအစ လွယ်ကူတာပေါ့ “လို့ MT News က တစ်ဆင့် ပြောပါတယ်။