၁၆. ၁၂. ၂၀၂၄
Written by Nyein Kyaw
ရာဂီမုန်တိုင်းနှင့် အခြားသဘာဘေးအန္တရာယ်များအပြင် နယ်မြေဒေသမတည်ငြိမ်မှုများကြောင့် စီးပွားရေးကဏ္ဍအချို့တွင် ထိခိုက်မှုရှိခဲ့သော်လည်း ယခုဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း နိုင်ငံ၏ GDP တိုးတက်မှုနှုန်း ၂ ဒသမ ၄ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း UMFCCI ၏ (၃၃) နှစ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
“ရာဂီမုန်တိုင်းအခြေအနေ၊ အခြားသဘာဝဘေးအန္တရာယ်များ၊ အခြားနယ်မြေဒေသ အခြေအနေများကြောင့် ကဏ္ဍအချို့မှာ ထိခိုက်မှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီ ၂၀၂၄ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာကာလအတွင်း GDP တိုးတက်မှုနှုန်းက ၂ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
ယင်းကဲ့သို့ တိုးတက်မှုရှိခဲ့ခြင်းသည် နိုင်ငံတော်အနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အကျိုးစီးပွားကို အလေးထား ဆောင် ရွက်ပေးခဲ့ခြင်းကြောင့်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များဘက်မှလည်း ပို့ကုန်ရငွေများကို အချိန်နှင့်တစ်ပြေးညီ ပြည်တွင်းသို့ စီးဝင်နိုင်ရေးအတွက် အလေးထားဆောင်ရွက်ရန် သတိပေး မှာကြားခဲ့သည်။
“စီးပွားရေးလုပ်ငန်းရှင်များရဲ့ ဘဏ္ဍာရေး၊ ဈေးကွက်နဲ့ အခြားကဏ္ဍတွေကိုလည်း အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ နိုင်ငံတော်ဘက်က ပုဂ္ဂလိကလုပ်ငန်းရှင်များရဲ့ အကျိုးစီးပွားကို အလေးထားပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် လုပ်ငန်းရှင်များဘက်ကလည်း ပို့ကုန်မှရရှိတဲ့ နိုင်ငံခြားငွေတွေကို အချိန်နှင့်တစ်ပြေးညီ ပြည်တွင်းသို့ စီးဝင်နိုင်ရေးတွက် အလေးထားဆောင်ရွက်ဖို့ မှာကြားလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မှာကြားခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးတိုးတက်မှုအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိပြီး ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်းရရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် သဘာဝဘေးကြောင့် မိုးသီးနှံများထွက်ရှိမှု ကျဆင်းခဲ့မှုများကို ကုစားနိုင်ရန်အတွက် ဆောင်းသီးနှံနှင့် နွေသီးနှံများကို တိုးချဲ့စိုက်ပျိုးထုတ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့်အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း နိုင်ငံတော်နှင့်ပြည်သူ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။