October 18, 2024

၉. ၁. ၂၀၂၃
Written By Thandar

ချစ်စရာကောင်းတဲ့ အမူအယာကြောင့် ပရိသတ်အားပေးမှုရလာတဲ့ သရုပ်ဆောင် ဘုန်းသီရိကျော်ကတော့ ပြုံးပြုံးလေးနဲ့လူသတ်သွားတဲ့ ဗီလိန်ကာရိုက်တာ သရုပ်ဆောင်ကြည့်ချင်တယ်လို့ ဆိုပါတယ်။

“ဇာတ်လမ်းတွေမှာ အတတ်နိုင်ဆုံးတော့ Jenny ရဲ့ ရုပ်က Sweet ဘက်သွားကြတယ်။ ကိုယ့်ရုပ်က Sweet ဖြစ်နေလို့ အဲဒီဇာတ်ရုပ်ကိုပဲ အမြဲရွေးနေလို့မရဘူးလေ။ ပရိသတ်ကို မတူတဲ့ ကာရိုက်တာကို လုပ်နိုင်တာကို ပြရမယ်။ Jenny ကိုယ်တိုင်လည်း ဗီလိန်ဇာတ်ကို အရမ်းလုပ်ကြည့်ချင်တယ်။ လုပ်နိုင်မယ်လို့လည်း ထင်တယ်။ အခုတော့ အဲဒီဗီလိန်ဇာတ်လေးတွေ လာပြနေလို့ ရွေးချယ်နေပါတယ်။ ဗီလိန်က ဘယ်သူမှ မထင်ရအောင် ပြုံးပြုံးလေးနဲ့ လူသတ်သွားတာဆို လိုက်မယ်ထင်တယ်။ သူ့ပုံကြည့်ရင် လုံး၀မထင်ရဘူးပေါ့။ အဲဒီဇာတ်လမ်းလေးကို လက်ရှိမှာ ဇာတ်ညွှန်းသေချာဖတ်နေပါတယ်”လို့ ဘုန်းသီရိကျော်က ပြောပါတယ်။

သူမကတော့ ဇန်နဝါရီ ၁၃ ရက်မှာ Mahar App က ပြသမယ့် “ချစ်မိတော့လည်း ဇွတ်” ဇာတ်လမ်းတွဲမှာတော့ သီတင်းကျွတ်ရောက်လို့ သူများတွေအသီးသီး မင်္ဂလာဆောင်နေကြပေမယ့် ရှေ့ကားမထွက်လို့ နောက်ကားကစောင့်နေရတဲ့ ထက်အောင်ရှိုင်း(ခ) သုတကျော်ရဲ့ ညီမ ဘုန်းသီရိကျော်(ခ)သော်တာကျော်အဖြစ် ပါ၀င် သရုပ်ဆောင်ထားပါတယ်။ “ချစ်မိတော့လည်းဇွတ် ” ရဲ့ ဇာတ်ဝင်တေးကိုတော့ အဆိုတော် ဟဲလေးနဲ့ ဘုန်းသီရိကျော်တို့က ပါဝင်သီဆိုထားပါတယ်။ သူမကတော့ ဇာတ်လမ်းတွဲတွေ အများကြီး ဆက်လက်ရိုက်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

“ဒီဇာတ်လမ်းမှာ ယောက်ျားအရမ်းယူချင်တဲ့ ကောင်မလေးပေါ့ ။ ဇာတ်ဝင်တေးလည်း ဆိုထားတယ်။ Jenny က သီချင်းဆိုတာ ဝါသနာပါတယ်။ ဆိုလည်း လည်းဆိုချင်တယ်။ ဒါပေမယ့် Confirm မရှိဘူးပေါ့။ လိုင်း ကြောင်သွားတယ် ပြောမှာစိုးတယ်။ သီချင်းကတော့ နောက်ပိုင်းနာမည်တစ်ခုပြီးမှ လုပ်ချင်တာလုပ်လို့ ရတဲ့အချိန်မှ လုပ်မယ်လို့ တွေးထားတယ်။ ဇာတ်ကားပြီးတော့ ဒါရိုက်တာက ဇာတ်ဝင်တေး ဆိုကြည့်မလား ပြောတယ်။ ဝမ်းပန်းတသာနဲ့ ဆိုမယ်လို့ပြောပြီး ဆိုဖြစ်သွားတာပါ ။ ကိုဟဲလေးနဲ့ဆိုရတာပါ။ ကိုဟဲလေးက သေချာသင်ကြားပေးပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *