ဖြိုးဝေ
၁၅. ၁၂. ၂၀၂၄
မျက်မှောက်ခေတ် စစ်ပွဲတွေမှာ အင်အားသာလွန်မှုထက် နည်းပညာသာလွန်မှုကို အထူးအလေးပေးလာလို့ စစ်မှုသိပ္ပံနဲ့ နည်းပညာရပ်တွေကို အမီလိုက်နိုင်ဖို့ ကြိုးစားလုပ်ဆောင်ရမယ်လို့ SAC ဥက္ကဋ္ဌက ပြောကြားတဲ့အပြင် နိုင်ငံရေး၊ စီးပွားရေး အင်အားကြီးအုပ်စုတွေက မီဒီယာတွေကို လက်ကိုင်တုတ်အဖြစ် မွေးမြူပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းစ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဝင်ရောက်စိုးမိုးခြယ်လှယ်နေတယ်လို့ပါ ပြောကြားလာတဲ့ ဒီရက်သတ္တပတ်မှာပဲ ကချင်လက်နက်ကိုင် KIO/ KIA ခေါင်းဆောင် အင်ဘန်လကို တရုတ်နိုင်ငံက ခေါ်ယူတွေ့ဆုံတယ်ဆိုတဲ့ဖြစ်စဉ်တွေ ထွက်ပေါ်လာတာ၊ ၂၀၂၅ ခုနှစ်အတွင်း အရေးပေါ် လူသားချင်းဆိုင်ရာစာနာမှုအတွက် စောင့်ကြည့်ရမယ့် ကမ္ဘာ့နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၃ မှာ ရပ်တည်နေတယ်ဆိုတာတွေနဲ့ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းလာတယ်လို့ ကုလသမဂ္ဂ ဖော်ပြလာတာတွေကို တွေ့မြင်ရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြဖို့ တရုတ်အစိုးရက ထပ်မံတိုက်တွန်းလာချိန်မှာပဲ ရွေးကောက်ပွဲကို မဖြစ်မနေ အောင်မြင်စွာ ကျင်းပပေးမှာဖြစ်လို့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလာတာ၊ အစိုးရက သေဒဏ်ပေးတိုင်း ဝိုင်းဝန်းအော်ဟစ်ပေမဲ့ လူပေါင်းများကို မကြာခဏသေဒဏ်ပေးနေတဲ့ တရုတ်ကိုးကန့် MNDAA လက်နက်ကိုင်က အခု ဒီဇင်ဘာ ၅ ရက်မှာ လူ ၇ ဦးကို လူမြင်ကွင်းမှာ သေဒဏ်ချပြီး ၆ ဦးကို ချက်ချင်းကွပ်မျက်သတ်ဖြတ်လိုက်တာ၊ ဒီဇင်ဘာ ၁၈ ရက်မှာ ထိုင်းနယ်မြေက “၀” တပ်စခန်းတွေ ဆုတ်ခွာဖို့ ထိုင်းဘက်က အမိန့်ပေးထားသလို စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်တာနဲ့ ပတ်သက်လို့ ထိုင်းနဲ့”ဝ”က ရန်သူမဟုတ်ကြပေမယ့် စစ်ဖြစ်လိမ့်မယ်လို့ ကောလာဟလလွှင့်ထုတ်မှုကို “၀” ရှုတ်ချတာ၊ NUG က ခြိမ်းခြောက်ထားသလို လမ်းမပေါ်မှာလုပ်နေတာကြောင့် လေလံမဆွဲရဲဖြစ်နေတဲ့ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အနှစ် ၂၀ ကျော် အမွေလုနေရာ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄)ရဲ့ လေလံပွဲကို တရားရုံးမှာ လုပ်ဆောင်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက တင်ပြလာတာ စတဲ့ဖြစ်စဉ်တွေ ရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ နိုင်ငံရေးအကျပ်အတည်းကြားက ကမ္ဘာ့အမွေအနှစ်ဖြစ်လာတဲ့ မြန်မာ့အတာသင်္ကြန်အကြောင်း၊ အဂတိလိုက်စားရင်း ကြွယ်၀လာတာတွေ နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းယူမယ့်အခြေအနေတွေအကြောင်းနဲ့ ပသုံးလုံးကို ဝေဖန်ရင် သေဒဏ်စီရင်ခံရမယ်လို့ ကျောပကဖနဲ့ ဂန့်ဂေါ PDF တွေက ပြည်သူတွေကို ခြိမ်းခြောက်လိုက်တဲ့အကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။
◾ နိုင်ငံရေးအကျပ်အတည်းကြားက ကမ္ဘာ့အမွေအနှစ်ဖြစ်လာတဲ့ မြန်မာ့အတာသင်္ကြန်
ထိုင်းနိုင်ငံရဲ့ ဆုန်ခရန်ပွဲတော်ဟာ မနှစ်ကစ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သွားပြီးနောက် အခု ဒီဇင်ဘာ ၅ ရက်မှာတော့ “မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” ဟာ ပထမဆုံးအနေနဲ့ UNESCO -Intangible Cultural Heritage of Humanity အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်ရောက်နိုင်ခဲ့ပါတယ်။ Myanmar Traditional New Year Atā Thingyan Festival ခေါင်းစဥ်နဲ့ မြန်မာ့အတာသင်္ကြန်ကို ကမ္ဘာ့ဒြပ်မဲ့ ယဥ်ကျေးမှုအမွေအနှစ်အဖြစ် မနှစ်က မတ်လအတွင်း တင်သွင်းခဲ့ပြီး အောက်တိုဘာလအတွင်းမှာ ဆန်ခါတင်ရွေးချယ်ခံခဲ့ရသလို အခု ဒီဇင်ဘာ ၂ ရက်ကနေ ၇ ရက်အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ကျင်းပပြုလုပ်နေတဲ့ ၁၉ ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်ညီလာခံမှာတော့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံလိုက်ရတာပါ။
ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံလို နိုင်ငံရေးအကဲဆတ်ပြီး မကြာခဏ Democracy Backwave ရိုက်နေတဲ့ နိုင်ငံမျိုးကို စစ်တမ်းတွေထုတ်တဲ့အခါ အစိုးရတစ်ရပ်အပေါ်မူတည်ပြီး သူတို့ကြည်ဖြူတဲ့အစိုးရဆိုရင် ဆုံးဖြတ်အမှတ်ပေးမှုကပုံစံတစ်မျိုး၊ မကြည်ဖြူတဲ့အစိုးရတစ်ရပ်ဆိုရင် အမှတ်ပေးဆုံးဖြတ်ပုံက တစ်မျိုးဖြစ်နေတာပါ။ မြန်မာနိုင်ငံဆိုရင်လည်း တပ်မတော်အစိုးရလက်ထက်ကတည်းက မြန်မာ့ရှေးဟောင်းအမွေအနှစ်ဒေသတွေကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဒေသဖြစ်အောင် UNESCO စာရင်းဝင်ဖို့ ကြိုးစားပေမဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့အစိုးရလို့ ကမ္ဘာကလက်ခံတဲ့ ဦးသိန်းစိန်လက်ထက်မှ ပျုမြို့ဟောင်းသုံးခု ကမ္ဘာ့အမွေအနှစ်စာရင်းစတင်ဝင်ပြီး NLD အစိုးရဟောင်းလက်ထက်မှ ပုဂံကို UNESCo စာရင်းဝင်အဖြစ် လက်ခံတာပါ။ လက်ရှိကာလလို ကမ္ဘာက တားမြစ်ပိတ်ဆို့ အပြစ်တင်ခံနေရတဲ့ SAC အစိုးရလက်ထက်မှာ မြန်မာ့အတာသင်္ကြန်ကို ကမ္ဘာ့ဒြပ်မဲ့ ယဥ်ကျေးမှုအမွေအနှစ်အဖြစ် ရွေးချယ်သတ်မှတ်လိုက်တာဟာ ထူးခြားဖြစ်စဉ်လို့ ပြောရမယ်ဆို ပြောလို့ရသလို အခြားတစ်ဖက်မှာလည်း ရွေးကောက်ပွဲလုပ်ပေးမယ်လို့ အတိအလင်းပြောလာတာကြောင့်လည်း ဒီကာလမှာ မြန်မာ့အတာသင်္ကြန်ကို ကမ္ဘာ့ဒြပ်မဲ့ ယဥ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ပေးလိုက်တာလို့လည်း တွေးဆစရာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ မြန်မာ့အတာသင်္ကြန်ဟာ ဆုန်ခရန်လို စီးပွားရှာသင်္ကြန်မဟုတ်ဘဲ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနဲ့ တစ်ပုံစံကွဲတာဖြစ်လို့ လာမယ့် ၂၀၂၅ နှစ်သစ်ဟာ မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဒြပ်မဲ့ ယဥ်ကျေးမှုအမွေအနှစ် မြန်မာ့အတာသင်္ကြန် တစ်မူထူးခြားယဉ်ကျေးစွာ ကျင်းပနိုင်ဖို့နဲ့ ရွေးကောက်ပွဲအမြန်ဖြစ်မြောက်ပြီး တိုင်းပြည် သာယာ၀ပြော ငြိမ်းချမ်းခြင်းဆီပဲ ဦးတည်နိုင်ပါစေလို့ ဆုတောင်းချင်မိပါတယ်။
◾ အဂတိလိုက်စားရင်း ကြွယ်၀လာတာတွေ နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းယူမယ့်အခြေအနေ
အဂတိလိုက်စားမှု ကျူလွန်သူတွေကို တရားစွဲဆိုအရေးယူရုံသာမက အဂတိလိုက်စားမှုကြောင့် ကြွယ်ဝချမ်းသာလာတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမှု တိတိကျကျ ထိရောက်အောင် ဆောင်ရွက်ဖို့ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
လက်ရှိအစိုးရလက်ထက် အစိုးရတာဝန်ယူထားသူများစွာကို အရေးယူခဲ့ရာမှာ သမ္မတအဆင့်ကစ လာဘ်ပေးလာဘ်ယူသူရာချီ အရေးယူခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်အတွင်း ကျပ်ဘီလျံ ၂၆၀ ခန့်နဲ့ အမေရိကန်ဒေါ်လာ ၁၃၃ သိန်းကျော် နစ်နာအောင် လာဘ်စားခဲ့သူတွေကို ထိရောက်စွာ အရေးယူပြခဲ့တာပါ။ NLD အစိုးရဟောင်းကလူကိုသာမက လက်ရှိ SAC အစိုးရခန့်အပ်တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း၊ စီးပွားရေးဝန်ကြီးဟောင်း၊ အစိုးရအဖွဲ့အတွင်းရေးမှုးဟောင်းတို့ကိုလည်း မြေယာကိစ္စကျပ်သိန်းပေါင်းသောင်းချီ လာဘ်စားမှုနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားသလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်တွေကို ထမ်းဆောင်စဉ် နိုင်ငံတော်ရဲ့ နိုင်ငံခြားသုံးငွေဆိုင်ရာမူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာမူဝါဒနဲ့ အခြားစီးပွားရေးဆိုင်ရာမူဝါဒတွေ ဆန့်ကျင်ပြီး ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရယူဆောင်ရွက်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ်(ဟောင်း) ရန်နောင်စိုးတို့အား စစ်တရားရုံးနဲ့ စစ်ဆေးစီရင်ပြီး နှစ် ၂၀ ကာလနဲ့ညီမျှတဲ့ ထောင် တစ်သက်တစ်ကျွန်းဒဏ်၊ ဒုတိယဗိုလ်ချုပ်ကြီး (ဟောင်း) စိုးထွဋ်ကလည်း ပြည်ထဲဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ချိန် မလျော်သြဇာပြုတာ၊ ပြည်သူ့ဘဏ္ဍာနစ်နာစေတာတွေကြောင့် ထောင်ဒဏ် ၅ နှစ်လည်း ချမှတ်ခဲ့ပါသေးတယ်။
NLD အစိုးရဟောင်းလက်ထက်မှာ ဒေါက်တာဦးမြင့်ဟာ အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက်တိုက်ဖျက်ချင်တယ်ဆိုရင် ကိုယ့်လူကိုယ်အရင်အရေးယူပေးပါလို့ တိုက်တွန်းခဲ့ဖူးပါတယ်။ ဒီအချက်ကို လက်မခံတဲ့ NLD ဟာ အဂတိလိုက်စားတဲ့ ကိုယ့်လူများစွာကို အရေးမယူဘဲ ကိုယ်တိုင်လည်း လက်ဆောင်ပဏ္ဍာမက်မက်မောမောရယူခဲ့တာကြောင့် အစိုးရတစ်ဖွဲ့လုံးဖြုတ်ချခံရချိန်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ အရေးယူခံရတာအပြင် နိုင်ငံရေးသိက္ခာကျဆင်းပြီး ကမ္ဘာ့အလယ်ရှက်ဖွယ်ဖြစ်တဲ့ အဂတိပုဒ်မတွေနဲ့ အရေးယူခံခဲ့ရတာပါ။ ပိုဆိုးတာကတော့ NLD အရေးမယူခဲ့တဲ့ သူ့ ဝန်ကြီးဟောင်းတွေရဲ့ အဂတိမှုပါ တစ်ကျော့ပြန် ပူးတွဲ ဖော်ထုတ်အရေးယူပြပြီး NLD က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တာဝန်ယူခဲ့သူတွေက လာဘ်မစားပါဘူး ငြင်းမရအောင် ချည်ပြီးတုပ်ပြီး ဖော်ထုတ် ခံရတာမျိုး ကြုံခဲ့ရတာပါ။ ဒီလိုမျိုး လာဘ်စားရင် ကျောသားရင်သားမခွဲခြားအရေးယူပြနေတာတောင် လာဘ်စားသံတွေ မကြာခဏလည်း ထွက်တတ်တာကြောင့် အခုလို အဂတိလိုက်စားရင်း ကြွယ်၀လာတာတွေ နိုင်ငံ့ဘဏ္ဍာအဖြစ် တိတိကျကျ သိမ်းယူမယ်ဆိုတာကို ပြည်သူကတော့ကြိုဆိုကြမှာပါလို့ သုံးသပ်ချင်ပါတယ်။
◾ ပသုံးလုံးကို ဝေဖန်ရင် သေဒဏ်စီရင်ခံရမယ့်ပြည်သူ
သင်္ကန်းဝတ်နဲ့ လူ ၂၀ ကျော်သတ်ခဲ့တဲ့ ယင်းမာပင် PDF အဖွဲ့ခေါင်းဆောင် သောပါက (ခ)ဗိုလ်သံမဏိ၊ မအေးမာထွေးကို လူပုံအလယ်မှာ ရိုက်နှက်နှိပ်စက် ပစ်သတ်ခဲ့တဲ့ တမူး PDF တပ်ရင်း (၄)၊ နိုင်ငံ့ဝန်ထမ်းနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့သူ ခုနစ်ဦးကို ကျဆုံးသွားတဲ့ PDF တွေအတွက် သွေးကြွေးဆပ်တယ်လို့ပြောပြီး လည်လှီးသတ်တဲ့ ရောင်နီပြောက်ကျား PDF စတဲ့ လက်နက်ကိုင်တွေကို အရေးမယူတာ၊ မုံရွာမှာ မွေးဖွားလုနီး ကိုယ်ဝန်ဆောင်သည် မအေးငြိမ်းသူကို Monywa Force PDF အဖွဲ့က ဓားပြတိုက်ရင်း သတ်ဖြတ်လိုက်တာ၊ NUG ဩဇာခံဖြစ်တဲ့ မြင်းခြံခရိုင် တပ်ရင်း (၅) PDF တွေဖြစ်တဲ့ MG6 ပြောက်ကျားတပ်က လူသတ်လုယက်မှု ၁၀၀ ကျော်ကျုးလွန်ထားလို့ အစဖျောက်လိုက်တာ၊ ချောင်းဦးပကဖလေးဦးက အမျိုးသမီးနဲ့ ကလေးငယ် ၇ ဦးကို မုဒိမ်းလူသတ်မှုကျုးလွန်ခဲ့တာကို ဖမ်းပြီးမှ ပြန်လွှတ်ပေးတာ၊ ဆော PDF ၈ ယောက်က အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်ကို အကြိမ်ကြိမ်အုပ်စုဖွဲ မုဒိမ်းကျင့်တာ၊ ကာမနှောင့်ယှက်မှုတွေနဲ့ လူသတ်မှု ၂၀ ကျော် ကျုးလွန်ထားတဲ့ ယော PDF ဧကရာဇ်မုန်တိုင်းအဖွဲ့၊ ရန်ကုန်တက္ကသိုလ်က CDM တွဲဘက်ပါမောက္ခရဲ့ ငါးနှစ်အရွယ် သမီးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်တဲ့ NLD ပါတီအတွင်းရေးမှူး အောင်မင်းကို NUG က ထိုင်းနိုင်ငံအထိ သွားရောက် ဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးလိုက်တာ စတဲ့ PDF တွေရဲ့ ကျုးလွန်မှုကို အရေးမယူခဲ့တဲ့ NUG ဟာ ဒီတစ်ပတ်မှာလည်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးကို လည်ပင်းခုတ်ဖြတ်သတ်တဲ့ ရေးဘီလူး PDF အဖွဲ့ခေါင်းဆောင်နဲ့ နောက်လိုက်တွေကို အရေးယူမယ်လို့ ထုတ်ပြန်လာတာ မြင်ရပါတယ်။
NUG ဟာ သူ့ရဲ့ အထူးတပ်ဖွဲ့ဖြစ်တဲ့ ရေးဘီလူး PDF ကို ခေါင်းဖြတ်သတ်မှုနဲ့ အရေးယူမယ်လို့ ထုတ်ပြန်ပေမဲ့လည်း မြေပြင်မှာတော့ ရေးဘီလူးကို အရေးမယူနိုင်သလို သူထုတ်ပြန်ပေမဲ့ တရားခံမဖော်နိုင်တဲ့ နိုင်ငံ့ဝန်ထမ်း ကျောင်းဆရာဘ၀ကနေ CDM လုပ်ပြီး NUG ကနီမြို့နယ်ပညာရေးတာဝန်ခံလုပ်နေတဲ့ ကျောင်းဆရာ ဦးဝင်းဌေးမိသားစုကို သုံးလသမီးပါမချန် PDF ကြီးစိုးနယ်မြေမှာ ပသုံးလုံးတွေရဲ့ သစ်ခိုးမှု မူးယစ်ဆေး ဆက်ကြေးမှုတွေကြောင့် တိုင်ကြားလို့ နိုဝင်ဘာ ၄ ရက်မှာ လည်လှီး သတ်ဖြတ်လိုက်မှု၊ PDF ကြီးစိုးနယ်မြေဖြစ်တဲ့ ရေဦးမြိုနယ်၊ အုန္နဲပေါင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းက သက်တော် ၄၄ နှစ်အရွယ် ကျောင်းထိုင် ဆရာတော် အရှင်ဣန္ဒကသီရိကို မျက်နှာဖုံးစွပ်ထားသူတွေက အောက်တိုဘာ ၃၁ ရက်မှာ သတ်ဖြတ်လိုက်မှု၊ ဇူလိုင် ၈ ရက်ကလည်း NUG ရဲ့ ပသုံးလုံး လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဝက်လက်မြို့နယ် စိုင်နိုင်ကြီးရွာမှာ ပကဖတွေကို ဆန္ဒပြဖူးတဲ့ ဗကသအဖွဲ့ဝင် ကိုးတန်းကျောင်းသား မောင်မြင့်မြတ်ဦး လည်လှီးအသတ်ခံခဲ့ရတာ၊ မေလ ၂၃ ရက်မှာလည်း ပုလဲပအဖခေါင်းဆောင် ဇော်ထက်ရဲ့ အိမ်မှာ ပုလဲပလဖ သတင်းပြန်ကြားရေး တာဝန်ခံ ပုလဲမောင် ရိုက်နှက်သတ်ဖြတ်ခံရတာ၊ ဩဂုတ်လ ၂၇ ရက်ကလည်း စစ်ကိုင်းတိုင်း၊ အရာတော်မြိုနယ်မှာ ရတနာပုံတော်လှန်ရေးတပ်ဖွဲ YRF ရဲ့ ဗဟိုဦးဆောင်အဖွဲ့ဝင်နဲ့ ဘဏ္ဍာရေးတာဝန်ခံ အသက် (၂၈)နှစ်အရွယ် ကိုသန်းထိုက် (ခ) ကိုညီညီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုတွေကို
အရေးမယူနိုင်သလိုမျိုးပဲ ဆက်တွေ့နေရတာပါ။
ဒီလိုမျိုး NUG က တားမရဆီးမရ ဆက်ကြေးကောက် လုယက် လူသတ်မှုတွေ ကျုးလွန်နေတဲ့ PDF တွေဟာ အခုအခါမှာတော့ သစ်ခုတ်၊ ဝါးခုတ်၊ မျှစ်ချိုးတာ ပသုံးလုံးကို ဝေဖန်ရင်တောင် သတ်ဖြတ်မယ်လို့ ပြည်သူကို တားမြစ်ချက် ၂၃ ချက်နဲ့ စာထုတ် ခြိမ်းခြောက်လာတာ တွေ့ရပါတယ်။
ဒီတစ်ခါခြိမ်းခြောက်တာက NUG လက်အောက်ခံ ကျောတိုက်နယ်ပအဖဖွဲ့ဖြစ်ပြီး ကျောတိုက်နယ် ပအဖရဲ့ အာဏာရှင်ဆန်တဲ့ အမိန့်ကို ဂန့်ဂေါခရိုင်အမှတ် (၉) တပ်ရင်းက လိုက်နာပြီး ပြင်းထန်စွာအရေးယူဆောင်ရွက်မယ်လိုပါ ထပ်ဆင့် အမိန့်ထုတ်ပြန်လာတာပါ။ ဒီလိုထုတ်ပြန်လာတာနဲ့ ပတ်သက်ပြီး ရေဦးအခြေပြု People’s Defense Comarade ရဲ့ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က “ယခုထုတ်ပြန်ချက်ပါ စာအားလုံးကို အချုပ်အားဖြင့် သုံးသပ်ကြည့်ရမယ်ဆိုရင် အာဏာရှင် စောက်ရမ်းဆန်လွန်းတယ်။ အခုထုတ်ပြန်ချက်က ပြည်သူကို မျက်နှာမူတဲ့ ထုတ်ပြန်ချက်မဟုတ်ဘူး။ ကောင်းကြရောဗျာ။ ပြည်သူအရမ်းချစ်လာမယ့် PDF တွေ နောင်အနာဂတ်ကတော့ လှဦးမှာပါ။ ထုတ်ပြန်တဲ့သူတွေကိုယ်တိုင် မကျူးလွန်မိကြပါစေနဲ့လိုပဲ ပြောလိုက်ပါရစေ”လို့လည်း လူမှုကွန်ရက်မှာ ပုံနဲ့တကွ မျှဝေခဲ့ပါသေးတယ်။
စံချိန်မှီလှပါတယ်ဆိုတဲ့ အမေရိကန်က မရိန်းတပ်အပါအဝင် ကမ္ဘာပေါ်က လက်နက်ကိုင်အဖွဲ့အစည်းတိုင်း၊ လက်နက်ကိုင်တပ်မတော်တိုင်းမှာ တရား လက်လွတ်၊ လူသတ်၊ မုဒိမ်းမှုတွေ၊ လုယက်မှု၊ ဆက်ကြေးမှုတွေ ပြုလုပ်ခဲ့ကြဖူးတာဖြစ်ပြီး ဒီလိုမျိုးဖြစ်လာရင်တော့ စစ်စည်းကမ်း၊ စစ်ခုံရုံးတွေ၊ နိုင်ငံတကာ စစ်ရာဇဝတ်မှုဆိုင်ရာခုံရုံးတွေနဲ့ အရေးယူကြတာပါ။ ဒီလိုမျိုး ကမ္ဘာလုံးဆိုင်ရာ စစ်စည်းကမ်းတွေ၊ ကျင့်ဝတ်တွေ အတိအကျလိုက်နာရတဲ့ တပ်မတော်တွေမှာတောင် ကျင့်ဝတ်ဖောက်ဖျက်သူတွေရှိရင် အရေးယူခံရပေမဲ့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေမှာတော့ စစ်ရာဇဝတ်မှုကျူးလွန်ရင်တောင် တော်လှန်ရေးခေါင်းစဉ်အောက်မှာ ထင်သလိုသတ်ဖြတ်ခွင့်ရထားတာကြောင့် PDF တွေ၊ MNDAA နဲ့ UWSA တို့လို လက်နက်ကိုင်တွေရဲ့ ထင်သလို သတ်ဖြတ်မှုအပြင် ကပေါက်တိကပေါက်ချာသေဒဏ်တွေပေးကြတာကိုပါ မကြာခဏမြင်နေရတာဖြစ်ပြီး အခု ကျောပကဖနဲ့ ဂန်ဂေါခရိုင်တပ်ရင်း ၉ ရဲ့ ထုတ်ပြန်ချက်ကတော့ တောမှာနေတဲ့ ဂန့်ဂေါနဲ့ ကျောပြည်သူတွေအဖို့ ဟင်းစားတောင်မရှာရဲလောက်အောင်၊ ပသုံးလုံးဆိုတာနဲ့ မော်မကြည့်ရဲလောက်အောင် အာဏာရှင်စနစ်နဲ့ သက်ဦးစံပိုင်စနစ်မျိုးကို ပြန်ကြုံရတာပါ။ ပြည်သူတွေဟာ လက်နက်ကိုင် PDF တွေကို တစ်ချိန်က သားလေးတွေဆိုပြီး ထောက်ပံ့၊ ထောက်ခံခဲ့သမျှ အခု နယ်မြေထိန်းချုပ်လာနိုင်တော့မှ စစ်ဘုရင်ဝါဒနဲ့ သတ်ဖြတ် ကျေးဇူးအဆပ်ခံရတော့မှာလည်း မလွဲမသွေဖြစ်လာပြီမို့ ကိုယ်မွေးတဲ့မျောက်၊ ကိုယ်ပြန်ခြောက်ချိန်မှာ အသိတရားမဲ့ထောက်ခံမိတဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရင်းပဲ ဒီကာလခဏတော့ လည်စင်းခံလိုက်ကြပါတော့ဆိုတာနဲ့ လည်စင်းမခံချင်ရင် ရွေးကောက်ပွဲနဲ့ငြိမ်းချမ်းရေးသာ ထွက်ပေါက်အဖြစ် တောင်းဆိုကြပါတော့လို့ ပြောကြားချင်မိရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။