၉. ၁. ၂၀၂၃
Written by Ye Kyaw
ရခိုင်ပြည်နယ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်မှုအပြင် ပင်လယ်ရေကြောင်းကုန်သွယ်မှုပါ ပိုမိုဆောင်ရွက်နိုင်ရန် ညှိနှိုင်းလျက်ရှိကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
“ဘင်္ဂလားဒေ့ရှ်နဲ့ Normal Trade (ပင်လယ်ရေကြောင်း) ပုံစံမျိုးသွားလို့ရအောင် ညှိနှိုင်းနေတဲ့ အပိုင်းတွေရှိပါတယ်” ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက MT News သို့ ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်မှ အိမ်နီးချင်းနိုင်ငံများနှင့် ရေကြောင်းမှ ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ စက်လှေငယ်များဖြင့်သာ ကုန်သွယ်မှုဆောင်ရွက်နိုင်ကြောင်း သိရသည်။
“အခုလောလောဆယ်တော့ ရခိုင်ပြည်နယ်ကနေဆို အသစ်ဖွင့်မဲ့ စစ်တွေဆိပ်ကမ်း (ကုလားတန်စီမံကိန်းအစိတ်အပိုင်း) ဒီတစ်ခုပဲရှိပါတယ်။ နဂိုကတည်းက ဆွဲနေတာမရှိဘူးလေ။ ဘင်္ဂလားဒေ့ရှ်နဲ့သွားတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေပဲရှိတယ်။ ဒီနယ်စပ်ကုန်သွယ်ရေးစခန်းတွေက လှေနဲ့ပဲသွားရတာ” ဟု ဦးတင်အောင်ဦးက ဆိုသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း စသည်တို့ဖြင့် အဓိကကုန်သွယ်မှု ဆောင်ရွက်နေခြင်းဖြစ်သည်။
ကုလားတန်မြစ်စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် စစ်တွေဆိပ်ကမ်းအသစ်အား ဇန်နဝါရီလအတွင်း ဖွင့်လှစ်မည်ဖြစ်ပြီး လာမည့်တစ်ပတ်အတွင်း ကုန်တင်သင်္ဘောများ ဆိုက်ရောက်နိုင်မည်ဖြစ်သည်။ လက်ရှိတွင် ဆိပ်ကမ်း၌ ဆိုက်ကပ်မည့် နိုင်ငံတကာသင်္ဘောများ ဝင်ရောက်မှုနှင့် ထွက်ခွာမှုအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကာ ပြည်တွင်းသင်္ဘောများ ဝင်ရောက်နိုင်ရန်အတွက်လည်း လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။