၁၅. ၁၂. ၂၀၂၄
Written by Nyein Kyaw
မျက်မှောက်ခေတ်စစ်ပွဲများနှင့် လက်နက်ကိုင်ပဋိပက္ခများတွင် လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကအရေးပါသည့်အတွက် တပ်မတော်(လေ) အနေဖြင့် ပြောင်းလဲတိုးတက်မှုများ ဆောင်ရွက်နေရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားတွင် ပြောကြားသည်။
မျက်မှောက်ခေတ် ကမ္ဘာတလွှား ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် လက်နက်ကိုင်ပဋိပက္ခများကို လေ့လာဆန်းစစ်ကြည့်ပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ လေကြောင်းစွမ်းအား သာလွန်ကောင်းမွန်ရန် ရန်သူအပေါ် လွှမ်းမိုးထိန်းချုပ်ချေမှုန်းနိုင်ပြီး မိမိတပ်ဖွဲ့များ၏ စိတ်ဓာတ်နှင့် တိုက်စွမ်းရည် ပိုမိုအားကောင်းတိုးတက်စေကြောင်း သိသာထင်ရှားစွာ တွေ့မြင်နေရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထိုကြောင့် တပ်မတော်(လေ)အနေဖြင့် ဖြစ်ပေါ်တိုးတက်နေသည့် အခြေအနေများကို မျက်ခြည်မပြတ် လေ့လာသုံးသပ်ဆန်းစစ်ပြီး လိုက်လျောညီထွေစွာ ပြောင်းလဲတိုးတက် ဆောင်ရွက်နေရမည်ဖြစ်ကြောင်းကို အလေးအနက်မှာကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပိုင်ဆိုင်ထားသည့် လေယာဉ်၊ ရဟတ်ယာဉ်များနှင့် လက်နက်စနစ်များ၏ စွမ်းဆောင်ရည်ကို အပြည့်အဝအသုံးချစစ်ဆင်နိုင်ရန် လေ့ကျင့်သားပြည့်ဝမှုသည် အဓိက လိုအပ်ချက်ဖြစ်ကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် စဉ်ဆက်မပြတ် ဖြစ်ပေါ်ပြောင်းလဲနေသည့်အတွက် တစ်ကြိမ်တစ်ခါလေ့ကျင့်ရုံဖြင့် မလုံလောက်ဘဲ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့် လုပ်ငန်းစဉ်အတိုင်း အမြဲမပြတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယနေ့ကာလတွင် အင်အားကြီးနိုင်ငံများ၏ အချင်းချင်းအားပြိုင်မှုများ တိုးတက်ဖြစ်ပေါ်လျက်ရှိပြီး အကျိုးဆက်အနေဖြင့် နိုင်ငံငယ်များအပေါ် ကဏ္ဍပေါင်းစုံမှ ဝင်ရောက်စွက်ဖက်ပြီး လွှမ်းမိုးခြယ်လှယ်ရန် ကြိုးပမ်းမှုများ၊ နိုင်ငံအချင်းချင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ပြည်တွင်း မငြိမ်မသက်မှုများသည် ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိနေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တပ်မတော်(လေ)၏ သမိုင်းကို ပြန်ကြည့်မည်ဆိုပါက အခက်အခဲများကြားမှ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ဇွဲသတ္တိတို့ကိုအရင်းခံပြီး ရှိသည့်လေယာဉ်၊ ရှိသည့် လက်နက်ဖြင့် ရည်မှန်းချက်အောင်မြင်အောင် ကြိုးစားတိုက်ပွဲဝင်ခဲ့သည်ကို အထင်အရှားတွေ့မြင်နေရကြောင်း၊ ထိုကဲ့သို့ မြင့်မြတ်ဂုဏ်ယူဖွယ်ဖြစ်သည့် အစဉ်အလာ ကောင်းများကို တန်ဖိုးထားထိန်းသိမ်းပြီး နောက်မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းအမွေ ဆက်လက်ပေးအပ်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ အခမ်းအနားတွင် လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်စုဖွဲ့ပျံသန်း အလေးပြုခြင်းနှင့် ကျွမ်းထိုးသရုပ်ပြ ပျံသန်းခြင်းများလည်း ပြသခဲ့သည့်အပြင် စတုတ္ထမျိုးဆက်အလွန် ဘက်စုံသုံး အကြီးစားတိုက်လေယာဉ်ဖြစ်သည့် SU 30 SME တိုက်လေယာဉ် ၁ စီးက ရန်သူမှ တန်ပြန်တိုက်ခိုက်လာနိုင်သည့် လေကြောင်းရန်ကာကွယ်ရေး လက်နက်များ ရှောင်ရှားပျံသန်းခြင်း၊ မိမိလေယာဉ်နောက်မှ လိုက်ပါလာသည့် ရန်သူကိုလှည့်စားပြီး ရန်သူ့လေယာဉ်အား ကွေ့ဝိုက်ကာ အနောက်တည့်တည့်မှ ပြန်လည်နေရာယူတိုက်ခိုက်သည့်ပုံစံ ပျံသန်းမှုများအပါအဝင် သာမန်းဂျက်လေယာဉ်များ မပြုလုပ်နိုင်သည့် ပျံသန်းမှုအမျိုးအစားများကိုလည်း စွမ်းရည်သရုပ်ပြပျံသန်းခဲ့သည်။