၁၅. ၁၂. ၂၀၂၄
Photo by Tha Doe
ဆယ်နှစ်လရာသီ မြန်မာပြည်က ကိုးလမြောက်လဟာ အရင်ကတော့ နတ်တွေ ပျော်မြူးလို့ ပူဇော်ကြရင်း ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတာကြောင့် နတ်ပျော်လလို့ ခေါ်ဆိုကြရာက နတ်တော်လဖြစ်လာပေမဲ့ နတ်ကိုးကွယ်ပူဇော်မှု အစွန်းရောက်မှာစိုးလို့ အနော်ရထာမင်းလက်ထက်မှာ မင်းမိန့်အာဏာနဲ့ တားမြစ်အပြီးမှာ ဘိုးတော်ဘုရား လက်ထက်ကစလို့ စာဆိုတော်ပွဲတွေ ကျင်းပလာတာကြောင့် စာဆိုတော်လလို့ ပြောင်းလဲခေါ်ဝေါ်ကြသလို နတ်တော်လဆန်း ၁ ရက်နေ့ကိုလည်း စာဆိုတော်နေ့လို့ သတ်မှတ်ခဲ့တာပါ။
ဒါကြောင့် နတ်တော်လမှာ မြန်မာနိုင်ငံအနှံ့ စာပေဟောပြောပွဲတွေ၊ စာဆိုရှင်ဂုဏ်ပြုပွဲတွေကို ကျင်းပကြသလို သာသနာရေး ဦးစီးဌာနကလည်း လောကီအကြောင်းကို မဖက်ဘဲ မြတ်စွာဘုရားရှင်ရဲ့ တရားဓမ္မဆုံးမစာတွေကို ရေးသားပြီး ကျမ်းပြုစုကြတဲ့ ဓမ္မစာဆိုတော်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ နတ်တော်လပြည့်နေ့ကို ဓမ္မစာဆိုတော်နေ့အဖြစ် သတ်မှတ်ခဲ့တာပါ။
နတ်ကိုးကွယ်မှုဟာ ယာဇ်ပူဇော်မှုတွေ၊ သတ္တဝါတွေကို သတ်ဖြတ်မှုတွေ အရက်သေစာတွေအထိ ပါတဲ့ ပသမှုဖြစ်တာကြောင့် သန့်စင်မွန်မြတ်တဲ့ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံဖြစ်လာအောင် မင်းကောင်းမင်းမြတ်တွေ ကြိုးပမ်းခဲ့တဲ့ နတ်တော်လပြည့် ဒီနေ့မှာလည်း အေးချမ်းစွာနေထိုင်လိုတဲ့ မြန်မာပြည်သူတွေဟာ ဘုရားစေတီအသီးသီးမှာ ကောင်းမှုကုသိုလ်ပြုရင်း မြန်မာပြည်ကြီးငြိမ်းချမ်းအောင် တောင်းဆုပြုကြတာလည်း ရှိပါသေးတယ်။
ဒီနေ့ကာလဟာ မြန်မာပြည်အနှံ့မှာ ရမ်းကားသတ်ဖြတ်သူတွေ ကြီးစိုးနေတဲ့ အကာလဖြစ်လို့ လူတို့သေကြေပျက်စီးရင်တောင် ဝမ်းမသာသင့်ပေမဲ့ ပျော်မြူးနေကြတာလည်း မြင်ရတဲ့ကာလမျိုးမှာ ပူလောင်မှုတွေထက် အေးချမ်းတဲ့ ရွှေတိဂုံစေတီတော်မှာ လူတွေဟာ စိတ်ကြည်မွေ့ရာရှာရင်း အပန်းဖြေကြတာလည်း တွေ့မြင်ရပါသေးတယ်။