၁၅.၁၂.၂၀၂၄
Written By Thandar
၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုမောင်မယ် ပဏာမရွေးချယ်ပွဲကို ယနေ့ ဒီဇင်ဘာ ၁၅ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်မတို့ ရုပ်ရှင်အစည်းအရုံးမှာ ဒီနေ့က ရွှေကြိုပဏာမလာရောက် လျှောက်ထားသူတွေကို လူတွေ့စစ်ဆေးတာပါ။ တကယ်လာရောက် လျှောက်ထားတဲ့ လျှောက်လွှာတွေကတော့ ၃၀၀ ကျော်ရှိပါတယ်။ ဒီနေ့ လူတွေ့ပဏာမစစ်ဆေးချိန်မှာ လူတွေ့လာကြတာတော့ ၂၈၀ နီးပါးရှိပါတယ်။ ရွှေကြိုဆို အနုပညာလျှောက်လှမ်း လမ်းစလေး တစ်ခုလို့လည်း ပြောလို့ရတာမို့လေ။ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ရမယ့် အခွင့်အလမ်းတစ်ခုပါ။ တကယ်တော့ ခုခေတ်လူငယ်တွေ တော်ကြပါတယ်။ မကြာခင်မှာတော့ ဒုတိယအဆင့်စာရင်းတွေ ထုတ်ပြန်ကြေညာပေးမှာဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဝင် သရုပ်ဆောင် မတူးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ပဏာမလူရွေးချယ်ပွဲကို ဒိုင်အဖွဲ့ ကြီးကြပ်အနေနဲ့တာဝန်ယူ ဆောင်ရွက်ပေးသူတွေက ဦးဇော်မင်း (မင်္ဂလာ)၊ ဦးသန်းဌေး (Triple Six)တို့နဲ့ ဒိုင်အဖွဲ့များဖြစ်တဲ့ ဦးငြိမ်းမင်း၊ ရန်အောင်၊ ခန့်စည်သူ၊ ရဲအောင်၊ ညိုမင်းလွင်၊ မေသန်းနု၊ စိုးမြတ်သူဇာတို့အပြင် ကူညီပံ့ပိုးပေးတဲ့ ကိုဇော်လွင်၊ ကိုအောင်ဖြိုးလင်း ၊ HTV Free to Air channel၊ Hey play App တို့ ပါဝင်ထားကြပါတယ်။
၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုမောင်မယ် ဒုတိယအဆင့်ပြိုင်ပွဲ အရွေးချယ်ခံရတဲ့ ပြိုင်ပွဲဝင်မောင်မယ်တွေစာရင်းကို လာမယ့် ဒီဇင်ဘာ ၁၈ ရက် ညနေ ၅ နာရီမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး Facebook စာမျက်နှာနဲ့ MMPO Info တယ်လီဂရမ် ချန်နယ်တို့တွေကတစ်ဆင့် ကြေညာပေးမှာဖြစ်တယ်လို့ သိရပါတယ်။