October 19, 2024

ထောင်ဒဏ် ၁၄ နှစ် ကျခဲ့သည့် ပရီမာ နာရေနာဆာမီ အား ၂၀၁၇ ခုနှစ်ကတွေ့ရစဉ်

၉. ၁. ၂၀၂၃
translated by Htwe Ko Tun

မြန်မာအမျိုးသမီးငယ်အိမ်ဖော်တစ်ဦးအား ဦးဏှောက် ထိခိုက်သေဆုံးရသည်အထိ ညှင်းပန်းနှိပ်စက်ခဲ့မှုတွင် သမီးဖြစ်သူနှင့်ပူးပေါင်းပါဝင်ခဲ့မှုဖြင့် စင်ကာပူအမျိုးသမီးကြီးတစ်ဦးအား စင်ကာပူတရားရုံးတစ်ရုံးက ဇန်နဝါရီ ၉ ရက်တွင် ထောင်ဒဏ် ၁၄ နှစ်ပြစ်ဒဏ်ချခဲ့ကြောင်း သိရသည်။

အသက် ၆၄ နှစ်ရှိ မစ္စက် ပရီမာ နာရေနာဆာမီအား အသက် ၂၄ နှစ်ရှိ မြန်မာနိုင်ငံသား မပိုင်ငိုက်ဒွန်(Piang Ngaih Don) ကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့မှုတွင်ပါဝင်ခဲ့မှုဖြင့် တရားရုံးကအပြစ်ပေးခဲ့ခြင်းဖြစ်သည်။

ပရီမာအား နိုဝင်ဘာလအတွင်းကပင် စွဲချက် ၄၈ ခု၌ အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။ အများစုမှာ အိမ်ဖော်အမျိုးသမီးအား နှိပ်စက်ညှင်းပန်းခဲ့မှုများဖြစ်သည်။ ထိုသို့ ညှင်းပန်းခဲ့မှုများတွင် အိမ်ဖော်မိန်းကလေးငယ်အား ရေများလောင်းချခြင်း(သို့မဟုတ်) ရေများဖြင့်ပက်ခြင်း၊ ကန်ကျောက်ခြင်း၊ ရိုက်ပုတ်ခြင်း၊ လည်ပင်းအား ဖမ်းဆွဲညှစ်ခြင်း၊ ဆံပင်အားဆောင့်ဆွဲခြင်း၊ ခေါင်းကိုကြမ်းတမ်းစွာ လှည့်ပတ်ခြင်းနှင့် လက်သီးဖြင့်ထိုးခြင်းတို့ ပါဝင်ကြောင်းသိရသည်။

ထို့ပြင် ပရီမာက အိမ်ဖော်ဖြစ်သူအား ယောက်မ၊ မျက်နှာသုတ်ပုဝါနှင့် ချေးချွတ်ဆေးပုလင်းတို့ဖြင့် ရိုက်နှက်ခြင်းများလည်းပြုခဲ့သည်။ မြန်မာအိမ်ဖော်အမျိုးသမီးမှာ ၁၄ လခန့် ထပ်ခါတလဲလဲ ညှင်းပန်းမှုများခံရကာ ဦးဏှောက်တွင်ဒဏ်ရာရရှိခြင်းနှင့် လည်ပင်းတွင်လည်း ပြင်းထန်သောဒဏ်ရာရ၍ ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၆ ရက်တွင် သေဆုံးခဲ့ရသည်။ ၎င်းအား လက်သီးဖြင့်ထိုးခဲ့၍ ခြေထောက်ဖြင့်တက်နင်းပြီး နှိပ်စက်ခဲ့ကာ နောက်ဆုံး၂၄ ကီလိုဂရမ်သာ အလေးချိန်ရှိတော့သည်အထိ အစာမကျွေးဘဲထားခဲ့သည်။ မကွယ်လွန်မီနေ့ရက်များတွင် အိမ်ဖော်အမျိုးသမီးငယ်အား ပြတင်းပေါက်သံတိုင်တွင် ညဘက်၌ ချည်ထားခဲ့ပြီး အမှိုက်ဟောင်းပုံးမှ စားစရာများလှန်လှောရှာဖွေမှုဖြင့် ရိုက်နှက်မှုပြုခဲ့သည်။

အိမ်ဖော်အမျိုးသမီးအား သေဆုံးစေခဲ့သော ရိုက်နှက်မှုက ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၅ ရက် တွင် ဖြစ်ပွားခဲ့သည်။ ထိုနေ့က ည ၁၁ နာရီ ၄၀ မိနစ်တွင် ပရီမာ၏သမီးဖြစ်သူ ဂေရာသီရိ မူရူဂါရန်က အဝတ်အထည်များလျှော်ဖွပ်နေသော မြန်မာအိမ်ဖော်မိန်းကလေးအား အလုပ်လုပ်ရာတွင် နှေးလွန်းသည်ဟုဆိုကာ ရိုက်နှက်မှုများပြု၍ ဦးခေါင်းကိုလည်း ချေးချွတ်ပုလင်းဖြင့်ထုနှက်ခဲ့သည်။ အိမ်ဖော်မိန်းကလေးမှာ ပက်လက်လန်လဲကျသည့်အချိန်တွင် ပရီမာတို့သားအမိကရိုက်နှက်၍ ရေများဖြင့်ပက်ကာ ကြမ်းတွင်ဒရွတ်တိုက်ဆွဲခဲ့သည်။ ညစာလည်းမကျွေးဘဲ ပြတင်းပေါက်သံတိုင်တွင် အိမ်ဖော်၏လက်ကောက်ဝတ်ကို ချည်ထားခဲ့ကာ ဝမ်းဗိုက်ကိုလည်း ကန်ကျောက်မှုပြုခဲ့ကြသည်။

အိမ်ဖေါ်မိန်းကလေးမှာ ထို့နောက်တွင် ပြန်လည်သတိရလာခြင်းမရှိတော့သဖြင့် ပရီမာတို့သားအမိက ဆရာဝန်ခေါ်၍ပြခဲ့ကြသေးသော်လည်း ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ၎င်းမှာသေဆုံးသွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ပရီမာတို့သားအမိကို ဖမ်းဆီးခဲ့သည်။

ပရီမာ၏ သမီးဖြစ်သူ ဂေရာသီရိကိုလည်း တရားရုံးက ၂၀၂၁ ခုနှစ်တွင် နှစ် ၃၀ ထောင်ဒဏ်ချခဲ့သည်။ ၎င်း၏ အယူခံကိုလည်း Apex တရားရုံးက ပယ်ချခဲ့သည်။
Ref—-CNA

Leave a Reply

Your email address will not be published. Required fields are marked *