MT News
၁၅. ၁၂. ၂၀၂၄
MNDAA ၊ TNLA ၊ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန် SAC ဥက္ကဋ္ဌက ယနေ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ကျရောက်သည့် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်ခဲ့သည့် MNDAA ၊ TNLA ၊ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ပြီး လက်နက်ကိုင်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရသည်ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
အကြမ်းဖက်သောင်းကျန်းသူများ၏ ခေတ်အဆက်ဆက် လက်နက်ကိုင် တိုက်ခိုက်မှုများသည် နိုင်ငံရေးကိုအကြောင်းပြပြီး လွဲမှားသောအယူအဆများဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းသာဖြစ်ကာ ၎င်းတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ရန်ထက် တသီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာသည်ကို တွေ့ရှိရသည်ဟုလည်း ထည့်သွင်းပြောကြားသည်။
ယင်းအပြင် လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲထဲ အတင်းအဓမ္မရောက်ရှိစေခဲ့ကြကြောင်းနှင့် လက်နက်ကိုင်အကြမ်းဖက်နည်းဖြင့် မိမိတို့လိုလားချက်ကို တောင်းဆို၍မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ဖြစ်သည်ကို သိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်ရှိကြရေး တိုက်တွန်းလိုပါသည်ဟုလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသာလျှင် မိမိတို့အားလုံး မျှော်လင့်ထားသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ပြီး မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပ စွက်ဖက်မှုနှင့် ပြည်တွင်းပယောဂကင်းကင်းဖြင့် တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အနေဖြင့်လည်း ဆွေးနွေးမှုများကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ကြိုဆိုလျက်ရှိသည်ဟုလည်း သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြ ပြောကြားခဲ့သည်။