၁၅. ၁၂. ၂၀၂၄
Written by Thettant
တာမွေပလာဇာရှေ့အမှိုက်ပုံးအတွင်း စွန့်ပစ်မွေးကင်းစ မိန်းကလေးငယ်၏ ရုပ်အလောင်း ယမန်နေ့က တွေ့ရှိခဲ့ကြောင်း Rescue Organization (YRO) မှ သိရသည်။
ဖြစ်စဥ်မှာ ဒီဇင်ဘာ ၁၄ ရက် ည ၇ နာရီခန့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ဗရမ်းလမ်း ၊ တာမွေပလာဇာ အရှေ့ရှိ အမှိုက်ပုံးထဲတွင် ပိုင်ရှင်မဲ့ မွေးကင်းစကလေး စွန့်ပစ်ထားကြောင်း သတင်းရရှိခဲ့၍ ဖြစ်စဥ်နေရာသို့ YRO ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်၍ YRO အဖွဲ့ဝင် “မြန်မာမွတ်ဆလင်-ပရဟိတအဖွဲ့ (တာမွေ) ” မှစေတနာ့ဝန်ထမ်းများ သွားရောက် ကူညီ ရှာဖွေခဲ့ကြသည်။
အဆိုပါဖြစ်စဥ်တွင် မွေးကင်းစ ကလေးငယ်အား အမျိုးသမီးဝတ် လုံခြည်ဖြင့် ထုပ်၍ အမှိုက်ပုံးအတွင်း လာရောက်စွန့်ပစ်ခဲ့ခြင်း ဖြစ်ပြီး ကလေးငယ်သည် မိန်းကလေး ဖြစ်ကာ အသက်မဲ့ သေဆုံးလျှက်သား တွေ့ရှိခဲ့ကြောင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ လာရောက် စစ်ဆေးပြီးနောက် သေဆုံးကလေးငယ်အား ပလပ်စတစ်အိတ်ဖြင့် သေခြာစွာ ထုပ်ပိုးမှု ပြုလုပ်ကာ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ ” မြန်မာမွတ်ဆလင် MMRO “- အသင်း၏ အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပို့ဆောင် အပ်နှံ ကူညီပေးခဲ့သည်ဟု သိရသည်။
ပုံစာ။ မွေးကင်းစကလေးငယ်၏ ရုပ်အလောင်းမြင်ကွင်း (Photo – YRO)