◾ ပျောက်ဆုံးသည့်ကိစ္စ နှစ်လကျော်ကြာသည့်တိုင် စစ်ဆေးမှုမပြုလုပ်သေးဟု ဆို
၁၅.၁၂.၂၀၂၄
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၆၁ ရပ်ကွက်၊ ရတနာလမ်း၊ ရာဇဂြိုဟ်ပရိယတ္တိစာသင် တိုက် (ဘက) ဘုန်းကြီးကျောင်းမှ ရှေးဟောင်းရခိုင်ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးပြားများနှင့် ရွှေဖြင့်ပြုလုပ်ထားသည့်စိပ်ပုတီး ပျောက်ဆုံးနေကြောင်း ပျောက်ဆုံးနေသည့် ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော် က MT News ကို မိန့်ကြားသည်။
ပျောက်ဆုံးသွားခဲ့သည့်ပစ္စည်းများမှာ လွန်ခဲ့သော (၃၅) နှစ်ခန့်က ပြုလုပ်ထားသည့် ရွှေရည် ၁၅ ပဲရည်ဖြင့် ပြုလုပ်ထားသည့် (၁ဝ၈)လုံး စိပ်ပတီး (၁)ကုံး၊ အလေးချိန်(၁၁)ကျပ်သား၊ (ယခင် ခန့်မှန်းကာလ တန်ဖိုး(၂၂၀၀/ -)ကျပ်ခန့် – ယခုခန့်မှန်းကာလတန်ဖိုး (၇၁၅၀၀၀၀ဝိ/-ကျပ်၊ မျက်နှာစာတစ်ဖက်တွင် ၉၆၃ နရပတိကြီး ဆော်လိပ်သျှား၊ အခြားတစ်ဖက်တွင် အူရဒူစာတန်းများပါ ရွှေရည် ၁၆ ပဲရည်၊ အလေးချိန် ၁၂ ပဲ ခန့်၊ ခန့်မှန်းကာလ တန်ဖိုး (၄၇၂၅ဝဝဝိ/-)ကျပ်ခန့်ရှိ ရှေးဟောင်း ရခိုင်ရွှေဒင်္ဂါး (၁)ပြား၊ မျက်နှာစာ တစ်ဖက်တွင် နေနှင့်လပုံပါပြီး၊ အခြားတစ်ဖက်တွင် နွားလားဥဿဖပုံပါသည့်အပြင်၊ အချို့ရခိုင် ငွေဒင်္ဂါးများတွင် ခရုပုံပါပြီး လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ခန့်က ထုတ်လုပ်ထားသည့် အလေးချိန် (၅)မူးသားခန့်ရှိ အဝိုင်းပုံ ရခိုင်ငွေဒင်္ဂါးပြား(၁၀)ပြား၊ ငွေဒင်္ဂါး တစ်ပြားလျှင် ခန့်မှန်းကာလတန်ဖိုး (၃၅၀၀ဝိ/-)ကျပ်ခန့်၊ စုစုပေါင်းခန့်မှန်း ကာလ တန်ဖိုး (၃၅ဝဝဝဝိ/-)ကျပ်ခန့်၊ မျက်နှာစာတစ်ဖက်တွင် နေနှင့်လတံဆိပ်ပါတန်ဖိုးမသိရှေးဟောင်း ရခိုင်ငွေမတ်စေ့(၁၀)ပြား၊ ဦးဝဏ္ဏိတ အမည်ပါ မြန်မာ့စီးပွားရေးဘဏ် ငွေစုဘဏ်စာအုပ် (၁)အုပ်၊ ကမ္ဘောဇဘဏ် ငွေစုဘဏ်စာအုပ်(၂)အုပ်၊ ဦးဝဏ္ဍိတ၏ ၁၁/စတန(သ)၀၀၀၂၉၆ သာသနာဝင်ကတ်(၁)ခု၊ စုစုပေါင်းခန့်မှန်း ကာလတန်ဖိုး (၇၆၆၁ဝဝဝဝိ/-)ကျပ်ခန့် ခိုးယူခံခဲ့ရကြောင်း သိရသည်။
ယင်းခိုးယူခံရမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ မြို့မရဲစခန်းမှ စခန်းမှုးအား လိပ်မူ၍ တိုင်ကြားခဲ့ကြောင်းသိရသည်။
သက်တော်(၈၉)နှစ်၊ ဝါတော်(၆၈)ဝါ အရွယ်ရှိသော ကျောင်းထိုင်ဆရာတော် ဦးဝဏ္ဍိတက ၎င်းအနေဖြင့် အဆိုပါ ရှေးဟောင်းရခိုင်ရွှေဒင်္ဂါးငွေဒင်္ဂါးပြားများနှင့်ရွှေဖြင့်ပြုလုပ်ထားသည့်စိပ်ပုတီးတို့ကို ခိုးယူသူများအနေဖြင့် ပြန်လာပေးရန်လိုလားနေသူလည်း ဖြစ်သည်။
“ဒီပစ္စည်းတွေကို ပြန်လိုချင်ပါတယ်။ ဒါတွေက တိုင်းပြည်အတွက် ထားတာတွေ ဖြစ်ပါတယ်။ ပြတိုက်အတွက်လည်း ပါပါတယ်။ ပြတိုက်လည်း ဗုဒ္ဓပြတိုက်လည်း လုပ်ခဲ့ပါပြီ။ ဒါတွေကို ပြန်လိုချင်ပါတယ်”ဟု ဆရာတော် ဦးဝဏ္ဍိတ က MT News ကို မိန့်ကြားသည်။
ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများအနေဖြင့်လည်း အဆိုပါ ပျောက်ဆုံးပစ္စည်းများ ပြန်လည် ရရှိစေရေးအတွက် ပူးပေါင်းပေးစေလိုကြောင်း၊ သံသယရှိသူများအား ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်၍ အမြန်ဆုံး ဖော်ထုတ်ပေးစေလိုကြောင်းလည်း ဆရာတော်၏ တပည့်သာဝကများက MT News က တစ်ဆင့် ပြောဆိုကြပြီး MT News အနေဖြင့်လည်း အဆိုပါ ဖြစ်စဥ်အပေါ် သက်ဆိုင်ရာတာဝန်ရှိသူများထံ ဆက်လက်စုံစမ်း အတည်ပြုမှုများ ပြုလုပ်နေကာ ထပ်မံသိရှိရသည်များ ဆက်လက် ဖော်ပြပေးသွားမည်ဖြစ်သည်။