၁၄.၁၂.၂၀၂၄
Written by KL
ရပ်ထားသော ၂၂ ဘီးကားကို YBS -၄၂ ခရီးသည်တင်ယာဥ်က ဝင်တိုက်ခဲ့ရာ ကားခေါင်းအတွင်းညပ်နေသော ခရီးသည်တင်ယာဥ်မောင်းကို မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ထုတ်ခဲ့ရမှု ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၄)ရပ်ကွက်၊ အမှတ် (၄)လမ်းမကြီးတွင် ဒီဇင်ဘာလ ၁၄ ရက် ည ၇ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
ရပ်ထားသော Nissan Dieseal အမျိုးအစား အစိမ်းရောင် ၂၂ဘီးယာဥ်ကို ရွှေပြည်သာမြို့နယ်ဘက်မှ မှော်ဘီမြို့နယ်ဘက်သို့ အမှတ် (၄)လမ်းမကြီးအတိုင်း မောင်းနှင်လာသော YBS -၄၂ ခရီးသည်တင်ယာဥ်က အနောက်မှ ဝင်တိုက်ပြီး အသက် ၃၆ နှစ်အရွယ် ယာဥ်မောင်းမှာ ကားခေါင်းအတွင်း ညပ်နေခဲ့ခြင်းဖြစ်သည်။
ယာဥ်တိုက်မှုကြောင့် ကားခေါင်းခန်းတွင် ညပ်နေသောယာဥ်မောင်းကို သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးခန့်က ကယ်ထုတ်ခဲ့ရာ ၅ မိနစ်ကျော်အကြာတွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
“လူနာကယ်ထုတ်လိုက်တာက သိပ်မကြာလိုက်ဘူး။ လူနာကလည်း ညာဘက် ခြေထောက်ပွန်းပဲ့ဒဏ်ရာရသွားတာ အသက်အန္တရာယ်မစိုးရိမ်ရပါဘူး”ဟု ကူညီကယ်ဆယ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။
ဒဏ်ရာရရှိခဲ့သော ခရီးသည်တင်ယာဥ်မောင်း အမျိုးသားကို We Love Care ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#တွဲကား #ယာဥ်တိုက်မှု #YBS #MT #mtnews