၁၄.၁၂.၂၀၂၄
Writtenvby KL
ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ်ရပ်ကွက်၊ တော်ဝင်ဆိပ်ကမ်းအနီး ရေလယ်တွင် ရပ်ထားသော ယုဇနကုမ္ပဏီ ပိုင်၊ ရတနာဝင်းအမည်ရှိ သံခွံ ကုန်တင်သင်္ဘောတွင် ဒီဇင်ဘာ ၁၃ ရက် နံနက် ၅ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှသိရသည်။
အလျား ၂၁၅ ပေ၊ အနံ ၃၃ ပေရှိ သံခွံကုန်တင်သင်္ဘောဦးပိုင်းတွင် စီတန်းထားသော Sodium Dithionite (ဆိုဒီယမ် ဒိုင်သိုင်ရာနိုက်) ဓာတုဗေဒအရည်ပုံးများအနက် အဖုံးပွင့်သည့်ပုံး ဖိတ်စင်ရာမှ မိုးရေနှင့် ထိတွေ့၍ ဓာတ်ပြုမှုဖြစ်ပွားကာ မီးလောင်မှု စတင်ဖြစ်ပွားရခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
“မီးသတ်တပ်ဖွဲ့ဝင်တွေက အနီးနားမှာရှိတဲ့ သင်္ဘောတွေကို မကူးစက်အောင်လို့ စက်လှေနဲ့ရေယာဥ်တွေကို ဖယ်ရှားခဲ့ပြီး ဓာတုဗေဒပစ္စည်းတွေကိုပဲ လောင်ကျွမ်းအောင် စောင့်ကြည့်ပြီး ငြှိမ်းသတ်ခဲ့ရတယ်”ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် Sodium Dithionite ဓာတုဗေဒ ဆေးရည် (၅)ဂါလံပုံး ပုံး၁၀၀၊ ဆီအုန်းကြိတ်ဖတ်အိတ်၂၀၀၊ ကော်ရေပုံးကြီး /သေး၂၇၀ ကျော်၊ ကော်စေး အိတ်၂၀၀၊ ကတ်ထူစက္ကူများ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီးနှင့် သန္ဓေအရံ မီးသတ်တပ်ဖွဲ့ဝင် ၃၀ ကျော်၊ ရေကြောင်းရဲသင်္ဘော ၄ စီး၊ ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ၁၀ ဦး၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၀ ဦးတို့ဖြင့် သွားရောက်ကာ ပဲချိတ်(၂)စီး၊ အပေါ့စားစက် (၁)လုံး၊ တိုဟတ်စု(၁)လုံးတို့ဖြင့် သယ်ယူ၍ အမြှုပ်ဆေးရည်(၄၀)ဂါလံ အသုံးပြုကာ ငြှိမ်းသတ်သော်လည်း ဓာတုဗေဒအဆိပ်ငွေ့များထွက်နေသဖြင့် သင်္ဘောရေဘားဖွင့်ရေသွင်းနှစ်မြှုပ်၍ ငြိမ်းသတ်ခဲ့ရာ ၆ နာရီကျော်အကြာတွင် သင်္ဘောအနောက်ပိုင်းကို နစ်မြှုပ်မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။