၁၄. ၁၂.၂၀၂၄
Photo by Tha Doe
ရန်ကုန်မြို့နယ်အချို့မှာ ဒီညဦးပိုင်းကစ မိုးအနည်းငယ်ရွာသွန်းနေပါတယ်။
ညနေ ၅ နာရီ ၅၀ မိနစ်ခန့်ကတည်းက မိုးအနည်းငယ်ရွာသွန်းမှုကို မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗဟန်း စတဲ့ မြို့နယ်အချို့မှာ မိုးအနည်းငယ်ရွာခဲ့တာပါ။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ “ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ ၁၅-၁၂-၂၀၂၄ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ်နိုင်ပြီး၊ အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်၊၊”လို့ မွန်းလွဲ ၂ နာရီမှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဒီညနေ ထုတ်ပြန်ချက်အရလည်း ရန်ကုန်တိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနိုင်ဖို့ အကြံပြုထားပါတယ်။
အဲဒါအပြင် မနက်ဖြန်မနက်အထိလည်း တနင်္သာရီတိုင်းဒေသကြီးမှာ နေရာအနှံ့အပြား၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးမှယ နေရာကွက်၍ မိုးကြီးနိုင်သလို ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်းနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ ကြေညာထားပါတယ်။