

၁၄.၁၂. ၂၀၂၄
Written by Shwe Phyo
ကုလသမဂ္ဂနှင့်မိတ်ဖက်အဖွဲ့စည်းများသည် ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံသား ၅ ဒသမ ၅ သန်းကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ ရရှိစေရန် ကြိုးပမ်းနေပြီး လိုအပ်ချက်များရှိနေကြောင်း သတင်းထုတ်ပြန်ထားသည်။
ကုလသမဂ္ဂသည် မြန်မာနိုင်ငံအတွက် “၂၀၂၅ လူသားချင်းစာနာမှု လိုအပ်ချက်နှင့် တုံ့ပြန်ရေးအစီအစဉ် (HNRP) ကို စတင်ခဲ့ပြီး အသက်ရှင်သန် ရပ်တည်နိုင်ဖို့ ရုန်းကန်နေရသော လူပေါင်း ၅ ဒသမ ၅ သန်းအတွက်အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ လူဦးရေအားလုံး၏ ၃ ပုံ ၁ ပုံကျော်ဖြစ်သော လူပေါင်း သန်း ၂၀ နီးပါးသည် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ လိုအပ်နေပြီး အဆိုပါလူသားချင်းဆိုင်ရာစာနာမှုအကူအညီ လိုအပ်နေသူများအနက်မှ ၅ ဒသမ ၅ သန်းကို ၂၀၂၅ ခုနှစ်တွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများအရေးပေါ် ကူညီပေးနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ၏မြန်မာနိုင်ငံအတွက် “၂၀၂၅ ခုနှစ် လူသားချင်းစာနာမှု လိုအပ်ချက်နှင့် တုံ့ပြန်ရေးအစီအစဉ်” (HNRP)အရ ကူညီမည့် လူဦးရေသည် ၂၀၂၄ ခုနှစ်ထက် ၁ ဒသမ ၃ သန်း ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံတဝှမ်းတွင်နေရပ်စွန့်ခွာနေထိုင်ရသူ ၃ ဒသမ ၅ သန်းနီးပါးရှိနေကြောင်း၊ ကုလသမဂ္ဂထုတ်ပြန်ချက်အရ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုသည် ဆိုးရွားသော အခြေအနေအောက်တွင် လစ်ဟာနေကြောင်း၊မြန်မာနိုင်ငံရှိ လူဦးရေ ၁၅ သန်းကျော်သည် ၂၀၂၅ ခုနှစ်အတွင်း စားနပ်ရိက္ခာမလုံခြုံမှု လိုအပ်ချက်နှင့် ထပ်မံရင်ဆိုင်ရဖွယ်ရှိပြီး လူအများအပြားသည် ဘေးကင်းလုံခြုံသော အမိုးအကာ သို့မဟုတ် သောက်သုံးရေလုံလောက်စွာမရသော အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။
Ref unocha