၁၄. ၁၂. ၂၀၂၄
Written by Nyein Kyaw
နိုင်ငံခြားငွေဈေးကွက် တည်ငြိမ်အရေးအပြင် အခြေခံစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန်နှင့် ဈေးနှုန်းအဆမတန် မြင့်တက်မှုမရှိစေရေး အဓိကအလေးပေး ဆောင်ရွက်နေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယနေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံ၌ ပြုလုပ်သည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ (၃၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် ပြောကြားသည်။
“ပြည်သူများအတွက် အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းများ အဆမတန် မြင့်တက်မှုမရှိစေရေး၊ နိုင်ငံခြားသုံးငွေဈေးကွက် တည်ငြိမ်ရေးတို့ကိုလည်း အဓိကအလေးထားပြီး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
ယင်းကဲ့သို့ ဆောင်ရွက်မှုများအပြင် နိုင်ငံတော်အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးနှင့် နိုင်ငံခြားသုံးငွေ ထိရောက်စွာ အသုံးပြုရေးကို အထူးအလေးပေး ဆောင်ရွက်နေသလို စီးပွားရေးလုပ်ငန်းရှင်များ သွင်းကုန်လိုင်စင်လျှောက်ထားမှုကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“နိုင်ငံတော်က စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ရေးနဲ့ နိုင်ငံခြားငွေ ထိရောက်စွာ အသုံးပြုရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံခြားသုံးငွေကြီးကြပ်ရေး၊ ကြီးကြပ်မှုကော်မတီနဲ့ ကုန်သွယ်မှုဆိုင်ရာမူဝါဒတွေ၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့ရေးဆိုင်ရာ ကိစ္စရပ်များနဲ့ လုပ်ငန်းရှင်များက လျှောက်ထားရတဲ့ သွင်းကုန်လိုင်စင် လျှောက်ထားမှုများကို စိစစ်ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
ထို့ပြင် ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန် မြန်ဆန်စေရေး၊ တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေး၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှုများမှ ကာကွယ်ရေး၊ ကုန်သွယ်စီးပွားရေးဆိုင်ရာ တရားဝင်ငွေကြေး စီးဆင်းမှုအတွက် ဘဏ်လုပ်ငန်းများ စနစ်တကျမှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ချောမွေ့စေရန် ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။