၁၄.၁၂.၂၀၂၄
Translated by Htwe Ko Tun
အတိုက်အခံအမတ်တွေလွှမ်းမိုးထားတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ အမျိုးသားလွှတ်တော်က သမ္မတယွန်ဆက်ခ်ယိုရဲ့ မဆင်မခြင်ပြုလုပ်ခဲ့တဲ့ အောင်မြင်မှုမရှိတဲ့ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုကိုဆန့်ကျင်ပြီး သမ္မတယိုလ်ကို အယုံအကြည်မရှိကြောင်း ပြစ်တင်ရှုတ်ချတဲ့အဆိုအပေါ် မဲခွဲဆုံးဖြတ်မှုကို ဒီဇင်ဘာလ ၁၄ ရက်မှာ ဒုတိယမြောက်ပြုလုပ်ပြီး သမ္မတအပေါ် ပြစ်တင်ရှုတ်ချဖို့ အတည်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
အတိုက်အခံအမတ်တွေ တင်သွင်းထားတဲ့ ဒီအဆိုကို လွန်ခဲ့တဲ့စနေနေ့ ဒီဇင်ဘာလ ၇ ရက်ထဲက လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ လုပ်ခဲ့တာပါ။ ဒါပေမယ့် အဲဒီတုန်းက အာဏာရပြည်သူ့စွမ်းအားပါတီ(PPP) က မဲပေးပွဲကို အမတ်နှစ်ယောက်ကလွဲလို့ အားလုံးနီးပါး သပိတ်မှောက်ပြီး မတက်ရောက်ခဲ့တာကြောင့် မဲပေးပွဲ မအောင်မြင်ခဲ့ပါဘူး။
လွှတ်တော်မှာ အမတ် ၃၀၀ ရှိတဲ့အနက် အတိုက်အခံတွေက ၁၉၂ နေရာနဲ့ အာဏာရပါတီက ၁၀၈ နေရာ ရထားတာပါ။ ဒါပေမယ့် ခုလို အရေးကြီးအဆိုတစ်ခု၊ ဆုံးဖြတ်ချက်တစ်ခုအတည်ပြုနိုင်ဖို့ စုစုပေါင်းအမတ်တွေရဲ့ သုံးပုံနှစ်ပုံဖြစ်တဲ့ အမတ် ၂၀၀ ရဲ့ ထောက်ခံမှုလိုပါတယ်။ အနည်းဆုံး အာဏာရပါတီက အမတ်ရှစ်ဦးရဲ့ထောက်ခံမှုလိုနေတဲ့ အတိုက်အခံတွေအဖို့ ခုလို အဆိုပြုချက်ကို အတည်ပြုနိုင်တာက အာဏာရပါတီအတွင်း စည်းလုံးညီညွတ်မှုပြိုကွဲမှုကိုပြတာလို့ ဆိုကြပါတယ်။
သမ္မတအပေါ် အယုံအကြည်မရှိကြောင်း ပြစ်တင်ရှုတ်ချတဲ့အဆိုအပေါ် အဆိုပြုချက်ကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပြီးတဲ့နောက်မှာတော့ သမ္မတ ယိုလ်ကို တာဝန်ဆက်ပေးမလား၊ ရာထူးမှဖယ်ရှားမလားဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ရက်ပေါင်း ၁၈၀ အတွင်း ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ထိုကာလအတွင်း ယိုလ်ကို သမ္မတတာဝန်မှ ဆိုင်းငံ့ထားမှာဖြစ်ပြီး ဝန်ကြီးချုပ် ဟန်ဒတ်ဆူက ကြားဖြတ်သမ္မတအဖြစ် တာဝန်ယူထားရမှာပါ။
တကယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကပါ အဆိုပြုချက်ကို အတည်ပြုခဲ့ရင် ၂၀၁၇ ခုနှစ်က လာဘ်စားမှုကြောင့် ဒီလိုပဲ သမ္မတအပေါ် အယုံအကြည်မရှိကြောင်း ပြစ်တင်ရှုတ်ချတဲ့အဆို လွှတ်တော်မှာတင်သွင်းခံရတဲ့ အမျိုးသမီးသမ္မတ ပတ်ဂွန်ဟဲ ပြီးနောက် သမ္မတ ယိုလ်က ဒုတိယမြောက်သမ္မတ ဖြစ်လာပါလိမ့်မယ်။
Ref- Yonhap