၁၄. ၁၂. ၂၀၂၄
Translated by Thettant
လူ ၄ ဦးသေဆုံးပြီး ၄၈ ဦး ဒဏ်ရာရခဲ့တဲ့ အုန်းဖန်မြို့ ကြက်ခြေနီစျေးပွဲတော် ဗုံးခွဲမှုမှာ ဖမ်းမိထားသူတစ်ဦးက အရင်ကလည်း မူးယစ်ဆေးပြစ်ချက်ရှိတဲ့ KNU လက်နက်ကိုင်တပ်ဖွဲ့ဝင်ဖြစ်နေတယ်လို့ သိရပါတယ်။
မြန်မာ – ထိုင်းနယ်စပ်က နို့ဖိုးဒုက္ခသည်စခန်းအနီးက တာ့ခ်ခရိုင်၊ အုန်းဖန်မြို့ ကြက်ခြေနီအသင်းက နှစ်စဥ်ပြုလုပ်တဲ့ ရန်ပုံငွေစျေးပွဲတော် အကစင်မြင့်ရှေ့ကို ဒီဇင်ဘာ ၁၃ ရက် ည ၁၁ နာရီခွဲခန့်မှာ လူအုပ်ထဲ လက်လုပ်ဗုံးပစ်ထည့်လိုက်တာကြောင့် ကနဦးမှာ ၃ ဦးသေဆုံးပြီး ၃၉ ဦး ဒဏ်ရာရတာကြောင့် မြန်မာလူမျိုးနှစ်ဦးကို ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။
ဒါပေမဲ့ နောက်ဆက်တွဲအတည်ပြုမှုတွေမှာတော့ ဖြစ်စဥ်နေရာမှာ ပွဲချင်းပြီး သေဆုံးသူ ၂ ဦးနဲ့ အုန်းဖန်ဆေးရုံမှာ ထပ်မံသေဆုံးသူ နှစ်ဦးရှိခဲ့လို့ လူ ၄ ဦး သေဆုံးပြီး ၄၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရသလို ဖမ်းထားသူတွေကလည်း ထိုင်းနိုင်ငံသားတစ်ဦးနဲ့ မူးယစ်ဆေးပြစ်ချက်ရှိသူ မြန်မာနိုင်ငံသား KNU လက်နက်ကိုင်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီဗုံးခွဲမှုဟာ လူငယ်တွေကြား ခိုက်ရန်ဖြစ်ပွားမှုကနေ စတင်ခဲ့တာလို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Thanathip Sawangsang က ပြောကြားခဲ့သလို မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားအရ ဖောက်ခွဲရေးပစ္စည်းက လက်လုပ်ဗုံးဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
သေဆုံးနိုင်သူ ဆက်လက်မြင့်တက်လာနိုင်ခြေရှိနေသေးတဲ့ ဒီဖောက်ခွဲမှုမှာ လက်လုပ်ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဖမ်းဆီးခံရသူ KNU လက်နက်ကိုင်က ထွက်ဆိုတယ်လို့လည်း သတင်းတွေမှာ ဖော်ပြနေသလို နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ လွယ်ကထုံပွဲတော်က ရန်စကို ဒီဇင်ဘာ ၁၃ ရက်မှာ လူအုပ်ကြားထဲ အငြိုးထားဗုံးခွဲမှုနဲ့ တိုက်ခိုက်ခဲ့တာလို့လည်း ဝန်ခံထားကြောင်း ဖော်ပြနေတာ၊ စွဲချက်မတင်ရသေးတာကြောင့် အသေးစိတ်သိရှိရတာတွေကို MT News က ဆက်လက်ဖော်ပြပါ့မယ်။
တာ့ခ်ခရိုင်ရှိ အုန်းဖန်မြို့ဟာ မြန်မာနိုင်ငံက လူဦးရေ ၁၆,၀၀ဝ ကျော် ခိုလှုံနေထိုင်ရာ နို့ဖိုးဒုက္ခသည်စခန်းအနီးက နယ်စပ်မြို့ဖြစ်ပြီး မြန်မာလူမျိုးတွေ အဓိကနေထိုင်ရာမြို့ဖြစ်သလို PDF တွေနဲ့ KNU လက်နက်ကိုင်တွေ ခိုလှုံရာမြို့လည်းဖြစ်လို့ လက်ရှိမှာ အုန်းဖန်မြို့နယ်က ထိုင်း-မြန်မာ နှစ်နိုင်ငံ ထိစပ်နေတဲ့ နယ်စပ်လမ်းကြောင်းအားလုံးကို ထိုင်းနိုင်ငံဘက်က ယာယီပိတ်ထားလိုက်တယ်လို့လည်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
Ref, Khaosod & The Nation Thailand