၁၄ .၁၂ .၂၀၂၄
Written by Hey Mar
အမြင် အကြားအာရုံ ချို့ယွင်းနေတဲ့ သက်ကြီးပိုင်းအမျိုးသားတစ်ဦး ဝရန်တာထွက်ပြီး အဝတ်လှမ်းရာက ၃ လွှာအမြင့်ကနေပြုတ်ကျကာ ဆေးရုံတက်ရောက်ကုသနေစဉ် ရရှိဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဒီဇင်ဘာ ၁၃ ရက် ညဦးပိုင်းက ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းဆီကနေ သိရပါတယ်။
ဖြစ်စဉ်က ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းရှိ အိမ်အမှတ် ၂၊ တိုက် ၃ လွှာမှ အဝတ်လှမ်းရင်းပြုတ်ကျရာက ဦးခေါင်းဒဏ်ရာရရှိပြီး နဖူးကွဲ ပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့တာကြောင့် သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံကြီးဆီ တင်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အသင်းတာဝန်ရှိသူက “ဒီမနက် သေဆုံးပါတယ်။ အသက်ကြီးပိုင်း၊ ရောဂါအခံရှိတာရော၊ ရရှိဒဏ်ရာတွေရောကြောင့်ပါ။ သူက မျက်စိလည်းကွယ်နေတယ်။ အကြားအာရုံလည်းမကောင်းဘူး။ ဝရန်တာကလည်း အရံအတားက ၃ ပေလောက်ပဲမြင့်တော့ စမ်းတဝါးဝါးသွားရင်း အရှိန်လွန်ပြုတ်ကျပုံရတယ်။ အလောင်းထုတ်ပေးဖို့ ကူညီဆောင်ရွက်နေပါတယ်”လို့ MT News ကို ပြောပါတယ်။