၁၄.၁၂.၂၀၂၄
Translated by Htwe Ko Tun
မြန်မာ့ရေပိုင်နက်မှာငါးခိုးဖမ်းလို့ မြန်မာရေတပ်က ဖမ်းဆီးထားတဲ့ ထိုင်းငါးဖမ်းသမားလေးဦး ပြန်လည်လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး မာရစ်ဆန်ဂီရမ်ပွန်ဆာက မြန်မာနိုင်ငံဆီ လာရောက်ပြီး တာဝန်ရှိသူတွေနဲ့ ဒီဇင်ဘာလ ၁၉ ရက်မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာ မြို့နယ်အဆင့် နယ်ခြားကော်မတီ ပြောကြားချက်တွေကို ရည်ညွှန်းပြီး ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် သာနာတစ်ဆဝန်ဆန်က ထိုင်းငါးဖမ်းသမားလေးဦးမှာ ပြည်နှင်ဒဏ်ပေးရေးအဆင့်မှာ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးချက်အရရော၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်နဲ့ တွေ့ဆုံဆွေးနွေးချက်တွေအရပါ ထိုင်းငါးဖမ်းသမားလေးဦးကို ပြန်လွှတ်ပေးရေးက ဥပဒေကြောင်းအရ လုပ်ငန်းစဉ်တွေကြောင့်သာနောက်ကျနေရတာဖြစ်ပြီး တခြားကိစ္စမရှိဘူးဆိုတာ အာမခံတယ်လို့ ဗိုလ်ချုပ် သာနာတစ်က ဆက်ပြောခဲ့ပါတယ်။
ထိုင်းငါးဖမ်းသမားလေးဦးအတွက် သူ့အနေနဲ့ စိုးရိမ်မိပြီး သူတို့ကို မြန်နိုင်သမျှအမြန်ဆုံး ပြန်လည်လွတ်မြောက်စေလိုတယ်လို့ ထိုင်းဝန်ကြီးချုပ်က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးကနေ သတင်းပို့ခဲ့တယ်လို့လည်း သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးမာရစ်အနေနဲ့ ဒီဇင်ဘာလ ၁၉ ရက်မှာ မြန်မာအာဏာပိုင်တွေနဲ့တွေ့ဆုံပြီး လွန်ခဲ့တဲ့နှစ်ပတ်က ဖမ်းဆီးခံထားရတဲ့ ထိုင်းငါးဖမ်းသမားတွေ လွတ်မြောက်ရေး လျင်မြန်စေဖို့ ဆွေးနွေးသွားမှာလို့ ဗိုလ်ချုပ်သာနာတစ်က ဆက်လက်ပြောခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီး ဖွမ်သမ်ဝီချာရာချိုင်းကလည်း ဖမ်းဆီးခံထားရတဲ့ ငါးဖမ်းသမားတွေရဲ့ မိသားစုတွေကို အခြေအနေနဲ့ ပတ်သက်လို့ သူတို့ကို အကြောင်းကြားချက်သတင်းတွေကို ထိန်းသိမ်းထားဖို့ နယ်ခြားကော်မတီနဲ့ တခြားအဖွဲ့တွေက ညှိနှိုင်းပေးဖို့ ညွှန်ကြားခဲ့တယ်ဆိုပါတယ်။
ထိုင်း ဆွဲပိုက်ချ ငါးဖမ်းသင်္ဘောဖြစ်တဲ့ Sor Charoenchai 8 ပေါ်မှာ ထိုင်းနိုင်ငံသားလေးဦးနဲ့ မြန်မာနိုင်ငံ သား ၂၇ ဦး လိုက်ပါလာတာဖြစ်ပြီး အခြားသင်္ဘောတွေနဲ့အတူ နိုဝင်ဘာလ ၃၀ ရက်က မြန်မာရေပိုင်နက်ထဲ ဝင်ရောက်ကာ ငါးခိုးဖမ်းနေခိုက်မှာ မြန်မာရေတပ် စစ်သင်္ဘောတစ်စီးနဲ့တွေ့ပြီး သူတို့ကို သတိပေးချိန် ထွက်ပြေးတာကြောင့် ခြောက်လှန့်ပစ်ခတ်ခဲ့ပါတယ်။
သင်္ဘောတွေလည်းသိမ်းဆည်းခံခဲ့ရပြီး ငါးဖမ်းသင်္ဘောတစ်စီးပေါ်က ထိုင်းငါးဖမ်းသမားတစ်ဦး ပင်လယ်ထဲခုန်ချရာမှာ ရေနစ်သေဆုံးခဲ့ပါတယ်။
မကြာသေးမီရက်တွေကတော့ ထိုင်းငါးဖမ်းသမားလေးဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့တစ်ဖက်ကမ်းရှိ ကော့သောင်းမြို့ကို ရွှေ့ပြောင်းချုပ်နှောင်ထားတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၆ ရက်က သူတို့ကို ပြန်လွှတ်ပေးမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် မဟုတ်ခဲ့ပါဘူး။
Ref-Bangkok Post