၁၄ .၁၂ .၂၀၂၄
Written by Hey Mar
ဘေးတွဲဆိုင်ကယ်တွေ မိန်းလမ်းမကြီးပေါ် တက်မောင်းခွင့်မပြုပေမယ့် တက်ရောက်မောင်းနှင်လာတဲ့ ဘေးတွဲဆိုင်ကယ်ကြောင့် လမ်းဖြတ်ကူးသူ အမျိုးသားကြီးတစ်ဦးကို တိုက်မိသေဆုံးစေခဲ့တဲ့ဖြစ်စဉ် ဒီဇင်ဘာ ၁၃ရက်နေ့ ညနေပိုင်းကမွန်ပြည်နယ်၊ သထုံမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေထံကနေ သိရပါတယ်။
ဖြစ်စဉ် ဖြစ်ပွားတာက သထုံမြို့အထွက် သစ်တောရုံးအနီး သထုံ-ဒူးရင်းဆိပ်သွားလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လမ်းဖြတ်ကူးသူ အသက် ၆၅ နှစ်အရွယ် အမျိုးသားကို ဘေးတွဲဆိုင်ကယ်က ရှေ့ယာဉ်ကို ကျော်တက်ရင်း ဖြတ်တိုက်မိတာလို့ သိရပါတယ်။
အဆိုပါ မတော်တဆမှုကြောင့် အတိုက်ခံရသူမှာ နောက်စေ့ပွင့်ထွက်၊ ဘယ်ဘက်ပေါင်ကျိုး ဒဏ်ရာတွေရရှိကာ နေရာတင် သေဆုံးခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းမှ စေတနာဝန်ထမ်းတစ်ဦးက MT News ကို ပြောသလို ” ဒီဘက်မှာတော့ စည်းကမ်းထုတ်ထားတာက ဘေးတွဲတွေ မိန်းလမ်းပေါ်တက်ရင်တော့ ဖမ်းနေတာတွေ့တာပဲ။ ပြီးရင်လည်း တက်တာပါပဲ။ အခုဖြစ်တာလည်း မိန်းလမ်းမကြီးပေါ်မှာပဲ။ ဘေးတွဲသမားကို ရဲက တစ်ခါတည်းဖမ်းသွားတယ်” လို့ ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို အကြင်နာတွဲလက်အသင်း(သထုံ)မှ သထုံပြည်သူ့ဆေးရုံကြီးအအေးတိုက်ဆီ အသင်းပိုင်ယာဉ်နဲ့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။