၁၄. ၁၂. ၂၀၂၄
Written by Thettant
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ၊ ထောက်ကြန့်(တောင်ပိုင်း)ရပ်ကွက် ရန်ကုန်-ပြည် ကားလမ်းမကြီးဘေးရှိ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းအချိန်ခန့်က လက်ထောက်ညွှန်ကြားရေးမှူး အမျိုးသားတစ်ဦး ဆွဲကြိုးချ(ကြိုးဆွဲချ) သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၄၅ နှစ်ခန့်အရွယ်ရှိသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဟန်ဆိုသူဖြစ်ပြီး အမြင့် ၇ ပေခန့်ရှိ အခန်းနံရံတွင် ၄ လက်မသံဖြင့်ရိုက်ထားသော သံချောင်း၌ ပုဆိုးကိုချည်နှောင်၍ ဆွဲကြိုးချထားသဖြင့် ပုဆိုးလည်ပင်းစွပ်လျက် လျှာထွက်သေဆုံးလျက်သား သက်မဲ့ခန္ဓာကိုယ်ကို ဒီဇင်ဘာ ၁၃ ရက် သန်းခေါင်ကျော်ပြီးစအချိန် ဒီဇင်ဘာ ၁၄ ရက် နံနက် ၁ နာရီကျော်က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကနဦးသိရသည်။
လက်ထောက်ညွှန်ကြားရေးမှူး၏ သက်မဲ့ခန္ဓာကိုယ်ကို ကနဦးစစ်ဆေးရာ လည်ပင်းရိုးကျိုးလျက် သေဆုံးလျက်သား တွေ့ရှိခဲ့သည်ဟု ကူညီပေးခဲ့သူတစ်ဦးကပြောပြီး ရုပ်အလောင်းကို ပတ္တမြားလူငယ်ဘက်စုံဖွံ့ဖြိုးရေး လူမှုကူညီရေးအသင်းက အင်းစိန်ဆေးရုံသို့ ၁၄.၁၂.၂၄(စနေနေ့) နံနက် ၃ နာရီတွင် အင်းစိန်ဆေးရုံသို့ပို့ဆောင်ကာ PR 007 ဖြင့် အပ်နှံပေးခဲ့ကြောင်းနှင့် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်နှင့် ဖြစ်စဥ်အသေးစိတ်ကို တာဝန်ရှိသူများက ဆက်လက်စိစစ်နေကြောင်း သိရသည်။