◾ မသင်္ကာတရားခံ မြန်မာလူငယ် ၂ ဦးဖမ်းမိထားပြီး နယ်စပ်လမ်းကြောင်းများ ယာယီ ပိတ်ဆို့ထား
၁၄. ၁၂. ၂၀၂၄
Written by Nay Moe
ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင် အုန်းဖန်မြို့လယ်မှာ ကြက်ခြေနီရန်ပုံငွေအတွက် ကျင်းပတဲ့ စျေးပွဲတော် အကစင်မြင့်ရှေ့မှာ ဒီဇင်ဘာလ ၁၃ ရက်၊ ည ၁၁ နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့လို့ လူ ၃ ဦးသေဆုံးကာ ၃၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အုန်းဖန်မြို့မှာ ဒီစျေးပွဲတော်ကို ဒီဇင်ဘာလ ၈ ရက်က စတင်ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်နေတာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်စဥ်က လူအများကခုန်နေတဲ့ ဖျော်ဖြေရေးစင်အရှေ့မှာ ဖောက်ခွဲရေးပစ္စည်းလို့ ယူဆရတဲ့ လက်လုပ်ဗုံးကို ပစ်ထည့်ရာက ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်လို့ ထိခိုက်မှုများပြားခဲ့တာလည်းဖြစ်ပါတယ်။ အချို့သော အစီရင်ခံစာတွေမှာလည်း လူ ၄ ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရတယ်လို့လည်း ရေးသားမှုတွေရှိနေပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဒုတိယ၀န်ကြီးချုပ် Phumtham Wechayachai က ဆယ်ကျော်သက် အုပ်စုနှစ်စု အချင်းချင်း တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့တာဖြစ်ကြောင်းနဲ့ ဒီနေ့မှာ မသင်္ကာသူ မြန်မာလူငယ်နှစ်ဦးကို ဖမ်းမိစစ်ဆေးနေပြီဖြစ် ကြောင်း ပြောကြားခဲ့ပေမဲ့ အသေးစိတ်ထုတ်မပြောသေးတဲ့အတွက် ဒီဖြစ်စဥ်မှာ မြန်မာလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်ပတ်သက်မှု ရှိ မရှိ မသိရသေးပါဘူး။
ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝပ်ထရာက ထိခိုက်သေဆုံးရသူတွေအတွက် ဝမ်းနည်းရကြောင်းနဲ့ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအေဂျင်စီတွေကို ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံးဖမ်းဆီးပြီး ဒုက္ခသည်တွေကို ချက်ချင်းအကူ အညီပေးဖို့ ညွှန်ကြားထားသလို အများပြည်သူ ဘေးကင်းစေဖို့အတွက် ပွဲတော်ကျင်းပရာနေရာတိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေ တိုးမြှင့်ထားရှိဖို့လည်း ပြောကြားခဲ့ပါတယ်။
တာ့ခ်ခရိုင်ရှိ အုန်းဖန်မြို့ဟာ မြန်မာနိုင်ငံက လူဦးရေ ၁၆,၀၀ဝ ကျော် ခိုလှုံနေထိုင်ရာ နို့ဖိုးဒုက္ခသည်စခန်းအနီးက နယ်စပ်မြို့ဖြစ်ပြီး မြန်မာလူမျိုးတွေ အဓိကနေထိုင်ရာမြို့ဖြစ်သလို PDF တွေနဲ့ လက်နက်ကိုင်တွေ ခိုလှုံရာမြို့လည်းဖြစ်လို့ လက်ရှိမှာ အုန်းဖန်မြို့နယ်က ထိုင်း-မြန်မာ နှစ်နိုင်ငံ ထိစပ်နေတဲ့ နယ်စပ်လမ်းကြောင်းအားလုံးကို ထိုင်းနိုင်ငံဘက်က ယာယီပိတ်ထားလိုက်တယ်လို့လည်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
Ref, Khaosod & Thai Enquirer