၁၄.၁၂.၂၀၂၄
Written By Thandar
Jindallae Choir က ဦးစီးကျင်းပတဲ့ “Lustre & Azalea Stars” အကအဖွဲ့နဲ့ MYF (Myanmar Youth Fellowship) လူငယ်များပါ အတူတကွ ပါဝင်ထားတဲ့ “Christmas Cantata” ပွဲတော်ကြီးကို ဒီဇင်ဘာ ၁၃ ရက် ညပိုင်းက ရန်ကုန်မြို့ Novotel Hotel မှာ ကြီးကျယ်ခမ်းနားစွာ တခမ်းတနား ကျင်းပခဲ့ပါတယ်။
“ ဒီနေ့ပွဲကတော့ Christmas အကြိုပေါ့။ လူတွေက လောကမှာ အသက်ရှင်ပြီးမှ အလုပ်ရှုပ်ကြတယ်ပေါ့။ မိသားစု စားဝတ်နေရေး၊ ငွေရေးကြေးရေးစတဲ့ အမျိုးမျိုးအရာတွေနဲ့အလုပ်တွေ ရှုပ်နေကြတယ်။ မိသားစုရဲ့ ပျော်ရွှင်ခြင်းဆိုတာမေ့နေကြတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီနေ့တင်ဆက်တဲ့ ပြဇာတ်က မိသားစုနဲ့ဘဝကို ပျော်ရွှင်အောင် ဘယ်လိုဖြတ်သန်းရမလဲ။ Christmas ရဲ့အနှစ်သာရပေါ့။ Christmas က မပြည့်စုံပေမယ့် ချို့ယွင်းချက်တွေ အားနည်းချက်တွေရှိပေမယ့် တစ်ယောက်နဲ့ တစ်ယောက်က စိတ်ပေါင်းစည်းသွားတဲ့အခါ ပျော်ရွှင်စရာတွေ ဖြစ်လာတယ်။ စစ်မှန်တဲ့ Christmasရဲ့ အနှစ်သာရကိုဖော်ကျူးတဲ့ ပွဲကို စီစဉ်ကျင်းပဖြစ်တာဖြစ်ပါတယ်။ Cantata ဆိုတာကတော့ သီဆိုမှုဖြစ်ပြီး အီတလီစကားလုံးဖြစ်တဲ့ Cantare ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာဖြစ်ပြီး တစ်ဦးချင်း သီဆိုမှု၊ တေးဂီတပြုလုပ်ခြင်းနဲ့သံပြိုင်သီဆိုမှုတို့ ပါဝင်ကပြဖျော်ဖြေတာဖြစ်ပါတယ်” လို့ အဆိုပါ စီစဉ်သူ ဦးဇာနည်လင်းက MT Entertainment ကို ပြောပါတယ်။
အဆိုပါ Christmas Cantata ပွဲတော်ကြီးမှာ Choir Stage, Dance, Musical Drama အစရှိတဲ့ တင်ဆက်မှုပေါင်းများစွာ ပါဝင်ကပြဖျော်ဖြေခဲ့ကြပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်းများစွာပါဝင်ကပြကြတဲ့ ၂၀၂၃ ခုနှစ် တောင်ကိုရီးယားနိုင်ငံက ကမ္ဘာ့ယဉ်ကျေးမှုအကပွဲတော် ကျင်းပတဲ့ 2023 World Culture Dance Festival ပွဲမှာ Bronze Prize (တတိယဆု)၊ ၂၀၂၄ ခုနှစ် တောင်ကိုရီးယားနိုင်ငံ ကမ္ဘာ့ယဉ်ကျေးမှုပွဲတော်မှာ 2024 World Culture Dance Festival ပွဲမှာ Silver Prize (ဒုတိယဆု)၊ ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံကမ္ဘာ့ရိုးရာယဉ်ကျေးမှုအကပွဲတော်မှာ 2024 Dance Competition in Thailand ပွဲမှာ Grand Prize (အထူးဆု) ဆုတွေရရှိထားတဲ့ Azalea Stars အဖွဲ့ကလည်း ကပြဖျော်ဖြေတင်ဆက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့မှာ ယခု ပထမအကြိမ် ကျင်းပသလို လာမယ့် ဒီဇင်ဘာ ၁၅ ရက်မှာ အင်းစိန် နံ့သာနီလမ်းမှာ ဆက်လက်ကျင်းပမှာလည်းဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၈ ရက်မှာ မန္တလေးမြို့၊ ဒီဇင်ဘာ ၂၀ ရက်မှာ တောင်ငူမြို့၊ ဒီဇင်ဘာ ၂၈ ရက်မှာ ပုသိမ်မြို့အစရှိတဲ့ မြိုများကိုလည်း သွားရောက်လှည့်ပတ်ပြီး ‘Cantata Tour’ ထွက်သွားမှာပဲ ဖြစ်ပါတယ်လို့သိရပါတယ်။