၁၄. ၁၂. ၂၀၂၄
Written by Nyein Kyaw
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် စီးပွားရေးပညာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် သင်ကြားဖြန့်ဖြူးပေးနိုင်ရန်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့က ပြုလုပ်သည့် ရန်ကုန်စီးပွားရေးတက္ကသိုလ် နှစ်(၆၀)ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် ဗီဒီယိုမိန့်ခွန်းပြောကြားစဉ် ထည့် သွင်းပြောကြားခဲ့သည်။
“နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ စီးပွားရေးပညာတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဖြန့်ဖြူးပေးနိုင်ဖို့လိုပါတယ်။ ဒါ့ကြောင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်က ပညာရှင်တွေအနေနဲ့ ယခင်လုပ်သားများကောလိပ်၊ အဝေးသင်တက္ကသိုလ်နဲ့ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ စီမံကိန်းဦးစီးဌာန၊ စာရင်းစစ်ချုပ်ရုံး၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် တို့မှာဖွင့်လှစ်တဲ့ သင်တန်းတွေမှာ ဘာသာရပ်ဆိုင်ရာများ ပို့ချဆွေးနွေးပေးခြင်းတို့အပြင် ကျမ်းကြီးကြပ်ခြင်းနှင့် ကျမ်းစစ်ဆေးခြင်းတို့မှာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိတာကို တွေ့ရှိရပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များနှင့်အညီ နိုင်ငံတော်၏ စီးပွားရေးမောင်းနှင်အား တိုးတက်လာစေရန်ရည်ရွယ်ပြီး MSME လုပ်ငန်းများမှတစ်ဆင့် ပို့ကုန်မြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိသည်။
ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် ပညာတတ်လူသားအရင်းအမြစ်များ လိုအပ်ခြင်းကြောင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဦးဆောင်ပြီး ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ၃၉ ခုတွင် B.A (Economics) ဘွဲ့သင်တန်းများကို စတင်ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ အနာဂတ်ကာလတွင် B.A (Economics) ဘွဲ့ရများအနေဖြင့် တတ်သိထားသည့် စီးပွားရေးအသိအမြင်၊ အတွေးအမြင်များကို အသုံးချပြီး မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးမှုတို့ကို ဆောင်ရွက်လာနိုင်တော့မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ ၁၉၆၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ နှစ် (၆၀) ခရီးကာလအတွင်း ပါရဂူဘွဲ့ရရှိသူ ၁၁၀၊ မဟာဘွဲ့ရရှိသူ ၇,၅၈၇ ဦး၊ ရိုးရိုး ဘွဲ့ရရှိသူ ၆၁,၈၅၀၊ ဂုဏ်ထူးဘွဲ့ရရှိသူ ၁,၂၁၇ ဦး၊ ဘွဲ့လွန်ဒီပလိုမာရရှိသူ ၇,၇၀၈ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင်လည်း တက္ကသိုလ်အသီးသီး၏ ပုံမှန်သင်တန်းများတွင် ကျောင်းသား/ကျောင်းသူ ၄,၃၅၉ ဦးနှင့် အဝေးသင်ကျောင်းသား ကျောင်းသူ ၄၆၁၈ ဦး တက်ရောက်ပညာဆည်းပူးလျက်ရှိကြောင်း သိရသည်။
“စီးပွားရေးတက္ကသိုလ်က မွေးထုတ်ပေးလိုက်တဲ့ MBA ဘွဲ့ရများအနေနဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းနယ်ပယ်အသီးသီးမှာ ကျွမ်းကျင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စီမံခန့်ခွဲမှုပိုင်းတွင် အဆင့်မြင့်အရာထမ်းတွေအဖြစ် လုပ်ကိုင်နေကြပြီဖြစ်ပါတယ်။ MDevS ဘွဲ့ရများအနေနဲ့ အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနဲ့ NGO/INGO အဖွဲ့အစည်းတွေမှာ အောင်မြင်စွာ လုပ်ကိုင်နေကြပါတယ်။ MBF ဘွဲ့ရတွေအနေနဲ့လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အစိုးရနဲ့ ပုဂ္ဂလိကဘဏ်များ၊ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများမှာ ကျွမ်းကျင်ပညာရှင်၊ စီမံခန့်ခွဲသူတွေအနေနဲ့ အဆင့်မြင့်ရာထူးတွေမှာ တာဝန်ယူနေကြတာကို တွေ့ရှိရတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။