◾ ပါဆယ်ထုပ်ပိုးသည့်အလုပ်ကို လုပ်နေကြခြင်းဖြစ်ပြီး အလုပ်ရှင်မည်သူမည်ဝါဆိုသည်ကို ထုတ်မပြော၍ စစ်ဆေးနေ
၁၃.၁၂.၂၀၂၄
Written By Zun
ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ၁၂၈ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက် ည ၈ နာရီ ၄၅ မိနစ်အချိန်က ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်အတွင်းရှိ ဂိုဒေါင်တစ်ခုတွင် အလုပ်လုပ်နေကြသော တရားမဝင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၁၂၈ ဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဂိုဒေါင်တွင် မြန်မာနိုင်ငံသားများ ရောက်ရှိနေကြပြီး အထောက်အထားမဲ့များ ဖြစ်နိုင်ကြောင်း ပြည်သူများ သတင်းပေးတိုင်ကြားချက်အရ စမွတ်ဆာခွန်ခရိုင် Phanthai Norasing ရပ်ကွက်ရှိ ဂိုဒေါင်ကို သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဝင်ရောက်စစ်ဆေးခြင်းလည်း ဖြစ်သည်။
နိုင်ငံခြားသား အလုပ်သမား အများအပြားကို မသင်္ကာဖွယ်ရာ အပြုအမူများဖြင့် သွားလာနေကြသည်ကို တွေ့ မြင်ကြောင်း သတင်းပေးသူများက တိုင်ကြားခဲ့သည်ဟု ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။
အလုပ်သမားများက အွန်လိုင်းမှ ကုန်ပစ္စည်းများရောင်းချရာတွင် မှာယူသူများထံ ပို့ဆောင်ရန် ယင်းဂိုဒေါင်အတွင်း ကုန်ပစ္စည်း ပါဆယ်ထုပ်ပိုးကြကြောင်း၊တစ်နေ့လုပ်အားခ ဘတ် ၃၈၀ ရရှိကြောင်းလည်း သိရသည်။
၎င်း တရားမဝင်မြန်မာအလုပ်သမားများအား နေရာအခက်အခဲ ရှိသောကြောင့် စမွတ်စခွန်ခရိုင်ရှိ ရဲစခန်း အသီးသီးတွင် လူခွဲ၍ ထိန်းသိမ်းထားကြောင်း ၊ဖမ်းဆီးရမိသူ မြန်မာအလုပ်သမားများအား ထိုင်းဥပဒေအရ အရေးယူပြီးလျှင် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။