၁၃.၁၂.၂၀၂၄
Written By Zun
ကိုရီးယားသမ္မတနိုင်ငံ ချွန်နမ်ပြည်နယ်၊ အာဆန်မြို့ရှိစက်ရုံတစ်ခုတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားငယ်တစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း ကိုရီးယားရောက် မြန်မာနိုင်ငံသားများအား လိုက်ပါကူညီပေးနေသော ကိုဇော်မိုးအောင်(ကိုရီးယား)ထံမှ သိရသည်။
ယင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ရုံးလေးပင်ကျေးရွာ ဦးသန်းထွန်း၊ ဒေါ်လှမျိုးသန်းတို့၏ သား အသက် ၂၀ အရွယ် ကိုညီညီဇော် ဆိုသူ ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက် ည ၉ နာရီအချိန်ထိ အချိန်ပို ဆင်းပြီးနောက် အခန်းသို့ ပြန်မလာသောကြောင့် အခန်းတွင် အတူနေ မြန်မာသူငယ်ချင်းက လိုက်လံစုံစမ်းရှာဖွေရာ ၎င်းအလုပ်လုပ်ကိုင်နေသည့် နေရာ၌ အဆုံး စီရင်ထားသည်ကို ည ၁၂ နာရီအချိန်ခန့်တွင် တွေ့ရှိခဲ့ကြကြောင်း သိရသည်။
ယင်းကြောင့် မြန်မာလုပ်သားများက စက်ရုံ တာဝန်ရှိသူများထံ ဖုန်းဆက် အကြောင်းကြားရာ စက်ရုံသို့ရောက်ရှိ လာသော တာဝန်ရှိသူများက ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခြင်းများပြုလုပ်ခဲ့ကြကြောင်း၊ ယင်းနောက် ရဲဝန်ထမ်းများ ရောက်လာပြီး အလောင်းကို စစ်ဆေးကာ အအေးခန်းကို ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုညီညီဇော်ရုပ်အလောင်းကို တာဝန်ခံရဲဝန်ထမ်းက ထပ်မံ စစ်ဆေးပြီး သင်္ဂြိုဟ်ခွင့်ပြုသည့်အချိန်မှသာ နာရေးကိစ္စကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကိုဇော်မိုးအောင်(ကိုရီးယား)ထံမှ သိရသည်။
ကွယ်လွန်သူ ကိုညီညီဇော်သည် ကိုရီးယားနိုင်ငံသို့ လွန်ခဲ့သည့် ၇ လခန့်က ရောက်ရှိခဲ့သူဖြစ်ပြီး စကားနည်းသူလည်း ဖြစ်ကြောင်းလည်း သိရသည်။ ကိုညီညီဇော်၏ နာရေးအတွက် အကူအညီပေးလိုသူများအနေဖြင့် ကိုထက်လင်းကျော် (010-7923-8450) ထံ ဆက်သွယ် အကူအညီပေးနိုင်ကြောင်းလည်း သိရသည်။