၁၃.၁၂.၂၀၂၄
Written By Thandar
ဒေါ်ဘေဘီကာရိုက်တာနဲ့ ပရိသတ်ရင်ထဲကို တစ်ကျော့ပြန်လည်ရောက်ရှိခဲ့တဲ့ သရုပ်ဆောင် ဖူးစုံကတော့ “ပြည့်ဝချမ်းသာ”ဇာတ်လမ်းတွဲမှာ အသက် ၄၅ နှစ်ရောက်မှ ကိုယ့်ထက်ငယ်တဲ့သူနဲ့ တွဲရိုက်ရမယ့်အပြင် ရို့မန်ဇာတ်ဖြစ်လို့ ကလေး@မောင်ခေါ်ရမှာမို့ လျှာတွေယားလိုက်တာလို့ ဆိုပါတယ်။
“ကျွန်မ အနုပညာအလုပ်တွေ နားပြီး ပြန်လုပ်ချိန်မှာ အိမ်ထောင်ရေး ဇာတ်ကားတွေရှိတယ်။ မိသားစု ပြဿနာ ကားတွေ အများကြီးပေါ့။ ဒီဇာတ်ကားမှာ ဖောက်ပြန်တာတွေ မပါဘူး။ လောင်တာတွေလည်း မပါတဲ့ ဇာတ်ပေါ့နော်။ အပြန်အလှန်နားလည်မှုရှိတယ်။ ချစ်စရာကောင်းတဲ့ ဇာတ်လေးမို့ ပြည့်ဝချမ်းသာဇာတ်လမ်းကို လက်ခံရိုက်ကူးဖြစ်တာပါ။ ဒီဇာတ်မှာ ကိုယ်က ဒေါ်နန်းရင်ကာရိုက်တာနဲ့ ရို့မန်ဆိုတော့ ကလေးတို့ ဘာတို့ခေါ်ရတာမို့ လျှာတွေယားလိုက်တာ အရမ်းပဲ။ ကျွန်မ နားပြီးပြန်ရိုက်ကူးချိန်မှာ ရို့မန် ဇာတ်ကတော့ ပထမဦးဆုံး ရိုက်တာပါ။ ကျွန်မက လက်ရှိ အသက် ၄၅ နှစ်ရောက်ပါပြီ။ ရို့မန်ရိုက်ရတဲ့ ဖီလင်ဆိုတော့လေ။ ကျွန်မ ကြိုးစားပါ့မယ်” လို့ သရုပ်ဆောင် ဖူးစုံက ပြောပါတယ်။
ဖူးစုံ ပါဝင်မယ့် အဆိုပါဇာတ်ကားမှာ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း ပိုင်စိုးသူမောင် ရေးသားထားပြီး ဒါရိုက်တာ ဝင့်ဥမ္မာကျော်က သရုပ်ဆောင်တွေဖြစ်တဲ့ ချာလီ၊ လင်းသစ်အောင်၊ ပိုင်စိုးသူ၊ မင်းသူ၊ ဖူးစုံ၊ ဝေလာရီ၊ အေဏီဇော်တို့နဲ့အတူ ပါဝင်ရိုက်ကူးသွားမှာလည်းဖြစ်ပါတယ်။
သူမကတော့ ဆယ်စုနှစ်များစွာ အနုပညာအလုပ်တွေ လုပ်ပြီး နှစ်အနည်းငယ်နားခဲ့ရာကနေ ပြန် အနုပညာလုပ်ချိန်မှာ ပထမဦးဆုံးအကြိမ် ရို့မန်ဇာတ်ကို လက်ခံ ရိုက်ကူးဖြစ်တာလည်း ဖြစ်ပါတယ်။
“ဟိုအရင်က ရို့မန်ကိုတော့ ရိုက်ဖူးခဲ့ပေမယ့်လေ ပြန်ရိုက်ရတယ်ဆိုတော့လေ လျှာယားတယ်။ ကျွန်မက ဘယ်လိုပဲ နုတယ်ပြောပြောပါ။ Over 40 ဆိုတော့ သူ့အသက်အရွယ်နဲ့တူတဲ့ ဆုတ်ယုတ်မှုတော့ရှိတာပေါ့။ ကျွန်မ မျက်လုံးသိပ်မကောင်းဘူး။ ကျွန်မကို ရယ်ပြနေလား ဘာလား သိပ်မသိဘူး။ ခုလည်း ဆံပင်ဖြူကို ဆေးဆိုးထားရပါတယ်။ ကိုယ့်အသက်အရွယ်နဲ့ဖြစ်လာတာကို လက်ခံပါတယ်။ မနဲ့မောင်လေးနဲ့ အသုံးအနှုန်းတွေ ပါပါတယ်”လို့ သူမကဆက်ပြောပါတယ်။