၁၃. ၁၂. ၂၀၂၄
Written by Hey Mar
ဆွမ်းချိုင့်ယူပြီး ပြန်လာတဲ့ ဦးဇင်းနှစ်ပါး စီးလာတဲ့ ဆိုင်ကယ်၊ တွဲကားနဲ့ ချိတ်မိတာကြောင့် တစ်ပါးနေရာတင်ပျံလွန်ကာ တစ်ပါးပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဒီဇင်ဘာ ၁၃ ရက် မနက် ၁၁ နာရီဝန်းကျင်က ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ရင်ခုန်သံရှင်သန်ရေး ရှင်ကူ ၊ နာကူ အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က အုတ်တွင်းမြို့ထဲကနေ ဆွမ်းဝတ်ယူပြီး ပြန်လာတဲ့ သာသနာ့ဝေပုလ္လ (သုသာန်)ကျောင်းမှ ဦးဇဋိလ မောင်းနှင်ကာ ဦးဇဝနက နောက်မှ ဆွမ်းချိုင့်ခြင်းကိုင် လိုက်လာပါတဲ့ ဆိုင်ကယ်က အုတ်တွင်းမြို့ မြောက်ဘက်အထွက် သာသနဝေပုလ္လကျောင်းတိုက်ရှေ့အရောက်၊ ကျောင်းဘက်ကို ကွေ့အဝင်၊ တွဲကား ခေါင်းအဖြူရောင်တစ်စီးနဲ့ တိုက်ကာ ချိတ်မိတာလို့ သိရပါတယ်။
ထိုသို့ ချိတ်မိပြီး ဆိုင်ကယ်တိမ်းမှောက်ရာက မောင်းနှင်လာသူ ဦးဇဋိလ သက်တော်(၄၈) သိက္ခာ(၃)ဝါမှာ နေရာတင် ပျံလွန်ကာ နောက်ကနေ လိုက်ပါလာသူ ဦးဇဝနမှာ နောက်စေ့ပေါက်ပြဲ၊ ခြေသလုံးထိခိုက် ဒဏ်ရာ တွေရရှိထားပြီး စိုးရိမ်ရတဲ့ အခြေအနေဖြစ်တာကြောင့် အခင်းဖြစ်နေရာကနေ တောင်ငူဆေးရုံကြီးဆီ ရင်ခုန်သံ ရှင်ကူ၊ နာကူ ယာဥ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
တိုက်ချိတ်မိတဲ့ တွဲကားက မောင်းနှင်ထွက်ပြေးသွားတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဟင်းငုတ်ပင်တိုးဂိတ်အပါအဝင် မြို့အဝင်အထွက်ကနေ စောင့်ကြည့် ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေကြောင်းလည်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးထံကနေ သိရှိရပါတယ်။
ရင်ခုန်သံရှင်သန်ရေး ရှင်ကူ/နာကူအသင်းတာဝန်ရှိသူက “ဒဏ်ရာပြင်းထန်တဲ့ကိုယ်တော်ကိုတော့ တောင်ငူဆေးရုံကနေ တောင်ငူက လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူတွေက နေပြည်တော် ကုတင် ၁၀၀၀ ကို ဆက်ပို့ရတယ်” လို့ MT News ကို ပြောပါတယ်။
ပျံလွန်သော ဦးဇဋိလရဲ့ရုပ်အလောင်းကိုတော့ အုတ်တွင်းဆေးရုံ ရင်ခွဲရုံဆီ ရင်ခုန်သံရှင်သန်ရေး ရှင်ကူ၊ နာကူ အသင်းက ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။