၁၃. ၁၂. ၂၀၂၄
Translated by Thettant & Htwe Ko Tun
မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် တောင်းရမ်းစားသောက်သူ ၁၂ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးလိုက်ပြီး ထိုင်းအမျိုးသမီးသူတောင်းစားထံမှ ဘတ် ၁ ဒသမ ၃ သန်းကျော် ဖမ်းမိခဲ့သည်ဟု သိရသည်။
ဘန်ကောက်မြို့တွင် တောင်းရမ်းစားသောက်သူ အများအပြားက လူစည်ကားသော ဆူခွန်ဗစ်လမ်းမကြီးတစ်လျှောက် ကျက်စားသောင်းကျန်းကြကာ မြို့တော်၏ဂုဏ်ကျက်သရေကို ထိခိုက်စေသည်ဟု ပြောကြားချက်များထွက်ပေါ်လာအပြီး ဤကဲ့သို့ ရဲတပ်ဖွဲ့စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဒီဇင်ဘာ ၁၂ ရက်တွင် လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ အရာရှိများနှင့် ဒေသခံရဲများက ဘန်ကောက်မြို့ ဆူခွန်ဗစ် ဧရိယာအတွင်း အရှုပ်မှ နာနားဧရိယာထဲမှ တောင်းရမ်းစားသောက်သူများကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ဆင်ရေးတွင် တောင်းရမ်းစားသောက်သူ ထိုင်းနိုင်ငံသား ရှစ်ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား နှစ်ဦး၊ လာအိုနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား တစ်ဦးတို့ကို တရားမဝင် ဝင်ရောက်တောင်းရမ်းမှုဖြင့် ဖမ်းဆီးအရေးယူခဲ့ပြီး သံသယရှိသူအားလုံးကို လုမ္ဗနီရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရအရေးယူရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ထိုင်းနှင့် နိုင်ငံခြားသား တောင်းရမ်းစားသောက်သူ ၁၂ ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ရာတွင် ထိုင်းသူတောင်းစားအမျိုး သမီးတစ်ဦးထံမှ ငွေသား ဘတ် ၃၀၀,၀၀၀ ကျော်နှင့် ဘဏ်အကောင့်ထဲမှ ဘတ် ၁ သန်းကျော်၊ အခြားသူတောင်းစားများထံမှ ထိုင်းဘတ် ၁၁၃၀၀ ကျော်တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့သည်ဟု သိရသည်။ ထိုင်းဘတ် ၁ ဒသမ ၃ သန်းကျော် သိမ်းဆည်းခံရသည့် ထိုင်းသူတောင်းစားအမျိုးသမီးက ထိုငွေများကို တောင်းရမ်းရင်းစုဆောင်းခဲ့သည်ဟုလည်း ထွက်ဆိုခဲ့သည်။
Ref,Thai Enquirer & Bangkok Post