၁၃.၁၂.၂၀၂၄
Translated by Htwe Ko Tun
ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်ရဲ့ ပန်းခြံတစ်ခုအတွင်းမှာ သမ္မတပူတင်ရဲ့ ဒုံးကျည်ဆိုင်ရာ သိပ္ပံပညာရှင်တစ်ဦးဟာ ယူကရိန်းစစ်ဖက်မှ လူသတ်သမားတစ်ဦးရဲ့ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမှုလက်ချက်နဲ့ သေဆုံးခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
Mars Design Bureau မှာ လက်ထောက်ဒီဇိုင်းနာချုပ်လည်းဖြစ်တဲ့ မီခေးလ်ရှတ်စကီး(Mikhail Shatsky) ဟာ ရုရှားစစ်ဘက်နဲ့ အာကာသလုပ်ငန်းတို့အတွက် ယာဉ်ပေါ်မှာ လမ်းညွှန်မှုစနစ်တွေကို တီထွင်ထုတ်လုပ်ခဲ့သူဖြစ်ပါတယ်။ သူက ကရင်မလင်နန်းတော်ရဲ့ အရှေ့တောင်ဘက် ရှစ်မိုင်ခန့်အကွာကို တယ်လ်နီကီးမြို့ရဲ့ ကတ်ဇ်မင်စကီးပန်းခြံမှာ အမည်မသိလူသတ်သမားတစ်ဦးရဲ့လုပ်ကြံမှုကို ခံလိုက်ရတာပါ။
ရုရှားသတင်းဌာနတစ်ခုဖြစ်တဲ့ APN က Mars Design Bureau ရဲ့ ဆောဖ်ဝဲလ်ဌာနအကြီးအကဲဖြစ်တဲ့ မီခေးလ်ရှတ်စကီးဟာ ကိုတယ်လနီကီးမြို့၊ ကတ်ဇ်မင်စကီးပန်းခြံမှာ လူသတ်သမားတစ်ဦးရဲ့ လုပ်ကြံမှုကြောင့် ဒီဇင်ဘာလ ၁၁ ရက်က သေဆုံးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
သတင်းတွေအရ တွဲဘက်ပါမောက္ခတစ်ဦးဖြစ်တဲ့ မီခေးလ်ရှတ်စကီးဟာ ရုရှားထုတ် Kh-59 ခရုဇ်ဒုံးကျည်ကို ရုရှားတပ်ဖွဲ့တွေ ယူကရိန်းမှာအသုံးပြုဖို့ Kh-69 အဆင့်ရောက်အောင်မြှင့်တင်ဖို့ ကြိုးစားခဲ့တာလို့ ဆိုပါတယ်။ သူ့ရဲ့ သေဆုံးမှုက နောက်ကွယ်မှာ ယူကရိန်းစစ်ဖက်ထောက်လှမ်းရေးရဲ့လက်ချက်ပဲဆိုတဲ့ ထင်မြင်ယူဆချက်တွေလည်း ချက်ချင်းထွက်ပေါ်လာခဲ့ပါတယ်။
ရုရှားပြည်ပြေးသတင်းစာဆရာတစ်ဦးဖြစ်တဲ့ အလက်ဇန်းဒါး နက်ဗ်ဇိုရော့ဗ်က “မော်စကိုမှာရှိနေတဲ့ ယူကရိန်းစစ်ထောက်လှမ်းရေးတွေက Mars Design Bureau၊ ဆော့ဖ်ဝဲလ်ဌာနအကြီးအကဲနဲ့ လက်ထောက်ဒီဇိုင်နာချုပ် မီခေးလ်ရှတ်စကီးကို လုပ်ကြံနိုင်ခဲ့ကြတယ်။ သူက Kh-59 ခရုဇ်ဒုံးကျည်ကို ရုရှ Kh-69 အဆင့်ရောက်အောင်မြှင့်တင်ခဲ့သူလည်းဖြစ်တယ်။ မောင်းသူမဲ့လေယာဉ်အသစ်တွေကို တီထွင်ခဲ့သူလည်းဖြစ်တယ်။ အပြစ်မဲ့ယူကရိန်းပြည်သူတွေအများအပြားသေဆုံးရမှုအတွက် တာဝန်ရှိသူလည်း ဖြစ်တယ်” လို့ပြောခဲ့ပါတယ်။ နက်ဗ်ဇိုရော့ဗ်က နှင်းတွေထဲမှာ လဲကျသေဆုံးနေသူတစ်ဦးရဲ့ပုံကိုလည်း ထုတ်ပြန်ခဲ့ပြန်ပါတယ်။
ယူကရိန်းအမျိုးသားရေးဝါဒီတွေကလည်း မီခေးလ် ရှတ်စကီးသေဆုံးတာ သူတို့လက်ချက်လို့ ဆိုခဲ့ကြပြန်ပါတယ်။ ဒီကိစ္စအတွက် ရုရှားအစိုးရကတော့ တစ်စုံတစ်ရာထုတ်ပြန်ကြေညာမှုမရှိသေးပါဘူး။
Ref- Daily Mail