၁၃. ၁၂. ၂၀၂၄
Written by Nay Moe
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အစပ်မှာရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြားမှ တဇောက်ချောင်းတံတား လုံခြုံရေးစခန်းကို နွားထိုးကြီး PDF အပါအဝင် PDF ပူးပေါင်းအဖွဲ့များမှ ယမန်နေ့ နေ့လယ်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း စစ်ကူရောက်လာသဖြင့် PDF များ ထွက်ပြေးခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၂၀ ခန့်အချိန်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ တဇောက်ချောင်းတံတား လုံခြုံရေးစခန်းကို နွားထိုးကြီး PDF အပါအဝင် PDF ပူးပေါင်းအင်အား ၁၀၀ ခန့်က တံတား၏ မီတာ ၂၀၀ ခန့်အကွာမှ ဒရုန်းဖြင့် ဒရော့ဗုံးများ ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နာရီဝက်ခန့်အကြာတွင် တိုက်ပွဲပြီးဆုံးခဲ့ကြောင်း၊ မိတ္ထီလာမြို့ဘက်မှ စစ်ကူများရောက်လာသဖြင့် PDF များ ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ဦးဆောင်သလို အမြန်လမ်းမပေါ် မကြာခဏဗုံးခွဲတိုက်ခိုက်နေသည့် Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းကလည်း ဆုတ်ခွာအပြီးတွင်” ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ် အသွားအလာ ဂရုစိုက်ပေးကြပါဗျာ။ အသိမိတ်ဆွေတွေ ခရီးသွားလာမယ်ဆိုလည်း သတင်းလေးမေးသွားကြပါ။ တိုက်ပွဲပြင်းထန်နေပါတယ်” ဟု ဖော်ပြခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲဝင်များ ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်းနှင့် လက်နက်၊ အဆောက်အဦများလည်း ထိခိုက်ဆုံးရှုံးမရှိခဲ့သော်လည်း ပြည်သူများသွားလာနေချိန်တွင် PDF များတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူများမှာ ကျည်လွတ်ရာလမ်းဘေးပုန်းရှောင်ရခြင်း၊ အချိန်နှောင့်နှေးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀)နှင့် MDDS အဖွဲ့တို့က ဝေဟင်မှ Shar Htoo Waw Fixed Wing နည်းပညာဖြင့်(၅)ကြိမ် Drone ဖြင့် ဗုံးသီးနှစ်လုံးကြဲချကာ မြေပြင်မှ ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကူရောက်လာသဖြင့် ဆုတ်ပြေးခဲ့ရကြောင်းနှင့် PDF လေးဦး ဒဏ်ရာရခဲ့ကြောင်းလည်း ယခု ထုတ်ပြန်ထားသည်။