◾ ကျောတိုက်နယ် ပအဖ၏အာဏာရှင်ဆန်သော အမိန့်ကို ဂန့်ဂေါခရိုင်အမှတ် (၉) တပ်ရင်းက လိုက်နာ၍ ပြင်းထန်စွာအရေးယူဆောင်ရွက်မည်ဟုပါ ထပ်ဆင့် အမိန့်ထုတ်
နေမိုး
၁၃. ၁၂. ၂၀၂၄
NUG လက်အောက်ခံ ကျောတိုက်နယ်ပအဖအဖွဲ့က ပြည်သူတွေကို သစ်ဝါးမခုတ်ရအချက်နဲ့ ပသုံးလုံးအဖွဲ့တွေကို ကိုယ်နှုတ်အမူအရာနဲ့ မစော်ကားရအချက်အပါအဝင် တားမြစ်ချက် ၂၃ ချက်ထုတ်ပြန်ထားပြီး ဖောက်ဖျက်ပါက သေဒဏ်အထိစီရင်ခံရမယ်လို့ လူထုကိုခြိမ်းခြောက်လိုက်တဲ့အပြင် ကျောတိုက်နယ် ပအဖရဲ့ အာဏာရှင်ဆန်တဲ့ အမိန့်ကို ဂန့်ဂေါခရိုင်အမှတ် (၉) တပ်ရင်းက လိုက်နာပြီး ပြင်းထန်စွာအရေးယူဆောင်ရွက်မယ်လို့ပါ ထပ်ဆင့် အမိန့်ထုတ်ပြန်ချက် ထွက်ပေါ် လာပါတယ်။
NUG ဩဇာခံ ကျောပအဖအဖွဲ့ဖြစ်တဲ့ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ (ကျောတိုက်နယ်)ဟာ ဒေသန္တရ ဥပဒေမူကြမ်းတရပ်ရွေးဆွဲပြီး ဥပဒေနဲ့အညီ အုပ်ချုပ်စီမံခန့်ခွဲဖို့ ဒေသအတွင်း ခိုင်မာသော ပြတ်သားချက်တွေနဲ့ အရေးယူဆောင်ရွက် သွားမှာဖြစ်သလို ဒေသအတွင်း လိုအပ်ချက်များအတိုင်း ရေးဆွဲထားတာကိုလည်း ရာဇသတ်ကြီး ဥပဒေကျင့်ထုံးတွေနဲ့ ဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် အဓိကတားမြစ်ချက်တွေကို (ခွင့်ပြုချက်မဲ့) ကျူးလွန်ကြောင်း ထင်ရှားရင် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ့်အပြင် သေဒဏ်ထိချမှတ်နိုင်တဲ့ တရားစီရင်ခြင်းနဲ့ ဒေသန္တရ နည်းဥပဒေအတိုင်း မည်သူကိုမဆို အရေးယူဆောင်ရွက်သွားမှာလို့ အချက် ၂၃ ချက်ပါ တားမြစ်ချက်ကို နိုဝင်ဘာ ၁၅ ရက် ရက်စွဲနဲ့ ထုတ်ခဲ့တာပါ။
ကျောပအဖ အဖွဲ့ထုတ်ပြန်တားမြစ်တဲ့ သေဒဏ်အထိချမဲ့ တားမြစ်ချက် ၂၃ ချက်က ” ၁။ သစ်မခုတ်ရ၊ ၂။ ဝါးမခုတ်ရ။ ၃။ မျှစ်မချိုးရ၊ ၄။ ထင်းများ သယ်ယူခြင်း မပြုရ၊ ၅။ သယံဇာတများအား ခွင့်ပြုချက်မဲ့ ထုတ်ယူသုံးစွဲခြင်းမပြုရ၊ ၆။ ညအချိန်မတော် ဆူညံအော်ဟစ်ခြင်းမပြုရ၊ ၇။ မူးယစ်၊ ယမ်းကားခြင်းမပြုရ၊ ၈။ မူးယစ်ဆေးဝါးများ သယ်ယူခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်း မပြုရ၊ ၉။ အမျိုးသားညီညွတ်ရေး အစိုးရ ထုတ်ပြန်ထားသော တားမြစ်ကုန်ပစ္စည်းများအား သယ်ယူခြင်းမပြုရ၊ ၁၀။ SAC နှင့် ပတ်သက်ဆက်နွှယ်သည့် ပစ္စည်းများ သယ်ယူခြင်းမပြုရ။ ၁၁။ ပြည်သူ့တော်လှန်ခုခံနှင့် သက်ဆိုင်သော ကိစ္စရပ်များအား နှောင့်ယှက်ခြင်း၊ နှောင့်နှေးစေခြင်း ကန့်ကွက်ခြင်း မပြုရ၊ ၁၂။ SAC နှင့် ဆက်သွယ်ခြင်း မပြုရ၊ ၁၃။ SAC ၏ ချမှတ်လိုက်သော မည်သည့်ကိစ္စရပ်ကိုမဆို ကူညီဆောင်ရွက်ခြင်း မပြုရ၊ ၁၄။ SAC အား မည့်သည့်နည်းနှင့်မဆို ကူညီဆောင်ရွက်ခြင်းမပြုရ၊ ၁၅။ SAC အင်အားကောင်းစေမည့် မည်သည့်ကိစ္စရပ်များကိုမဆို ဆောင်ရွက်ခြင်းမပြုရ၊ ၁၆။အများပြည်သူပိုင် ပစ္စည်းများအား ဖျက်စီးခြင်းမပြုရ၊ ခိုးယူခြင်းမပြုရ၊ ၁၇။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စသည့် အဖွဲ့အစည်းတို့တွင် မည်သည့်အဖွဲ့အစည်းတွင်မှ တာဝန်ထမ်းဆောင်ခြင်းမရှိသော မည်သူမဆို တော်လှန်ရေးနှင့် ပတ်သက်သော ဝတ်စားဆင်ယင်မှုမပြုရ၊ ၁၈။ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စသည့် အဖွဲ့အစည်းတို့တွင် မည်သည့်အဖွဲ့အစည်းတွင်မှ တာဝန်ထမ်းဆောင်ခြင်းမရှိသော မည်သူမဆို လက်နက်ကိုင်ဆောင်ခြင်း မပြုရ၊ ၁၉။ တားမြစ်နယ်မြေများအား ဖြတ်သန်းသွားလာခြင်း မပြုရ၊ ၂၀။ တော်လှန်ရေးကာလအတွင်း ရပ်နီးရပ်ဝေးသို့ သွားရောက်နေထိုင်ကြသော မည်သူမဆို ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးနယ်မြေတွင် လာရောက်နေထိုင်လိုပါက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးတာဝန်ခံထံသို့ ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်၊ ၂၁။ ရပ်နီး/ရပ်ဝေးမှ ကျောတိုက်နယ်ပြည်သူ့အုပ်ချုပ်ရေး နယ်မြေအတွင်း ဧည့်သည်များ ညအိပ်တည်းခိုလိုပါက ကျေးရွာအုပ်ချုပ်ရေးတာဝန်ခံထံသို့ ဧည့်စာရင်းတိုင်ကြားရမည်၊ ၂၂။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအဖွဲ့အစည်းများအပေါ် နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်ထိလက်ရောက် ဖြစ်စေ၊ စော်ကားခြင်း ပုန်ကန်ခြားနားခြင်းပြုလုပ်သည်ဟု ယူဆရပါက ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူခြင်းခံရမည်၊၂၃။ ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးနယ်မြေအတွင်း ချမှတ်ထားသော တားမြစ်ချက်များသည် ကျောတိုက်နယ်အတွင်းရှိ သက်ဆိုင်ရာ ကျေးရွာများအားလုံး၌ အကျုံးဝင်စေရမည်”လို့ ဖော်ပြထားတဲ့အပြင် ဦး၊ ရေး၊ ထောက်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ဖောက်ဖျက်ကျူးလွန်မယ်ဆိုလည်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်လို့ လိုအပ်မယ်ဆို တားမြစ်ချက်တွေကို လျှော့ချတာ၊ ထပ်မံရေးဆွဲတာတွေ လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။
ဒီလိုမျိုး ကျောပအဖရဲ့ အာဏာရှင်ဆန်တဲ့လုပ်ရပ်တွေနဲ့ တားမြစ်ချက်တွေကို ဂန့်ဂေါခရိုင် အမှတ် (၁၉) တပ်ရင်းက ဒုတပ်ရင်းမှူးကလည်း ဒီဇင်ဘာ ၄ ရက်မှာ ထပ်ဆင့်အမိန့်စာထုတ်ပြီး ဒီ ၂၃ ချက် ဖောက်ဖျက်သူ ဘယ်သူမဆို ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ထပ်ဆင့်အမိန့်ထုတ်ခဲ့သေးတာပါ။
ဒီလို အာဏာရှင်ဆန်တဲ့အမိန့်ထုတ်တာနဲ့ပတ်သက်ပြီး ရေဦးအခြေပြု People’s Defense Comarade ရဲ့ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က “ယခုထုတ်ပြန်ချက်ပါ စာအားလုံးကို အချုပ်အားဖြင့် သုံးသပ်ကြည့်ရမယ်ဆိုရင် အာဏာရှင် စောက်ရမ်းဆန်လွန်းတယ်။ အခုထုတ်ပြန်ချက်က ပြည်သူကို မျက်နှာမူတဲ့ ထုတ်ပြန်ချက်မဟုတ်ဘူး။ ကောင်းကြရောဗျာ ပြည်သူအရမ်းချစ်လာမယ့် PDF တွေ နောင်အနာဂတ်ကတော့ လှဦးမှာပါ။ ထုတ်ပြန်တဲ့သူတွေကိုယ်တိုင် မကျူးလွန်မိကြပါစေနဲ့လို့ပဲ ပြောလိုက်ပါရစေ”လို့ ဒီနေ့ လူမှုကွန်ရက်မှာ ပုံနဲ့တကွ မျှဝေထားပါတယ်။