၁၃. ၁၂ .၂၀၂၄
Written By Hey Mar
တက္ကစီယာဉ်မောင်းကို ခရီးသည်က ဓားနဲ့ထိုးပြီး လုယက်ခဲ့တဲ့ဖြစ်စဉ် မနေ့က ဒီဇင်ဘာ ၁၂ ရက်နေ့ ည ကိုးနာရီကျော်အချိန်ခန့်က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၉ မိုင် ဂေါက်ကွင်းအကျော်မှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း ရန်ကုန်ကနေ သိရပါတယ်။
လုယက်သူတွေက သာကေတမြို့နယ်ကနေ အင်းစိန် ဆယ်မိုင်ကုန်းရပ်ကွက်ကို ငှားရမ်းလာတာလို့ သိရပြီး ၉ မိုင် မှတ်တိုင်အကျော်မှာ တက္ကစီယာဉ်မောင်းကို ဓားနဲ့ ငါးချက်ထိုးကာ ငွေသား ကျပ်ရှစ်သောင်းနဲ့ လိုင်စင်နဲ့ ဖုန်းတို့ကိုပါ ယူဆောင်သွားတာလို့ သိရပါတယ်။
လုယက်မှုကြောင့် တက္ကစီယာဉ်မောင်းမှာ လည်ပင်း ထိုးသွင်းဒဏ်ရာ၊ လက်ဖျံ၊ ကျောကုန်းတို့မှာ ထိုးသွင်းဒဏ်ရာတွေရရှိပြီး ပိတောက်ကွေ့ လူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံကြီးဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီရက်ပိုင်းထဲ တက္ကစီယာဉ်နဲ့ ယာဉ်မောင်း လုယက်ရန်ပြုခံရတာတွေ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားနေပြီး၊ တက္ကစီယာဉ်မောင်းဂရုတွေက လိုက်လံကူညီရင်း ဖမ်းမိတာတွေလည်းရှိတယ်လို့ အင်းစိန်ဘရားသားကီလိုတက္ကစီဂရုမှ ကိုတိုးအောင်က ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကလည်း အမှတ် ၇ လမ်းမကြီးပေါ်မှာ တက္ကစီလုယက်မှုဖြစ်ပွားခဲ့ပြီး ဂရုအချင်းချင်း ချိတ်ကူညီနိုင်ခဲ့တာကြောင့် ကျူးလွန်သူသုံးဦးကို သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ ကူညီဖမ်းဆီးအပ်နှံနိုင်ခဲ့ပြီး၊ အဲ့ဒီနေ့မှာပဲ ကိုးမိုင် ရွှေနှင်းဆီလမ်းနဲ့ လှိုင်သာယာ မြစိမ်းရောင်စက်မှုဇုန်ထဲမှာ ထပ်မံဖြစ်ပွားခဲ့သေးတယ်လို့ အင်းစိန်ဘရားသား တက္ကစီဂရုအနေနဲ့ သိရှိကူညီနိုင်ခဲ့တဲ့ ဖြစ်စဉ်တချို့ကို ပြောပြပါတယ်။
ပုံစာ။ တိုက်ခိုက်လုယက်ခံရသည့် တက္ကစီယာဥ်မောင်းများမြင်ကွင်းနှင့် ဖမ်းမိတရားခံများမြင်ကွင်းအချို့ တွေ့ရစဥ်။