၁၃.၁၂.၂၀၂၄
Translated by Htwe Ko Tun
အစ္စရေးတပ်ဖွဲ့တွေအနေနဲ့ အစ္စရေးနိုင်ငံနဲ့ ဆီးရီးယားနိုင်ငံအကြား အပစ်အခတ်ရပ် ကြားခံဇုန်အတွင်းမှ ပြန်လည်ဆုတ်ခွာပေးဖို့ ပြင်သစ်အစိုးရရဲ့ တောင်းဆိုချက်ကို အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၃ ရက်မှာ ပယ်ချခဲ့ပါတယ်။
ဆီးရီးယားမှာ သမ္မတအာဆတ် အစိုးရပြိုကွဲပြီး သူပုန်တွေအာဏာရရှိပြီးနောက်မှာ ၁၉၇၄ ခုနှစ်က ဆီးရီးယားနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကိုဖောက်ဖျက်ပြီး စစ်သွေးကြွတွေက ကြားခံနယ်ထဲဝင်ရောက်လာကြလို့ အစ္စရေး တပ်ဖွဲတွေက ကြားခံနယ်အတွင်း အကန့်အသတ်နဲ့ ခေတ္တဝင်ရောက်သိမ်းယူထားရတာလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံပြောကြားခဲ့ပါတယ်။
ဆီးရီးယားသူပုန်တပ်ဖွဲ့တွေက အာဆတ်အစိုးရကို ဒီဇင်ဘာလ ၈ ရက်က ဖြုတ်ချခဲ့ပြီးတဲ့နောက် ဂိုလန်ကုန်းမြင့်ဒေသရဲ့ အစိတ်အပိုင်းဖြစ်တဲ့ အရင်က ဆီးရီးယားတပ်တွေထိန်းချုပ်ထားတဲ့ အပစ်အခတ် ရပ်စဲရေးဇုန်ကို အစ္စရေးတပ်ဖွဲ့တွေ ဝင်ရောက်သိမ်းယူထားခဲ့တာပါ။ ပြင်သစ်အစိုးရကတော့ ဒါက ၁၉၇၃ ခုနှစ် အစ္စရေးနဲ့ ဆီးရီးယားစစ်ပွဲကို ရပ်ဆိုင်းစေခဲ့တဲ့၊ နှစ် ၅၀ ကြာပြီဖြစ်တဲ့ သဘောတူစာချုပ်ကို ချိုးဖောက်ရာရောက်တယ်လို့ ဆိုခဲ့ပါတယ်။
အစ္စရေးဘက်ကလည်း ခုလို အစ္စရေးတပ်ဖွဲ့တွေ ကြားခံနယ်ထဲဝင်ရောက်ရတာက စစ်သွေးကြွတွေ ဦးစွာဝင်ရောက်လာကာ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွေကိုတောင် တိုက်ခိုက်လာတာကြောင့် ဖြစ်တယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဂျီဟတ်အုပ်စုတွေအနေနဲ့ နယ်စပ်အနီးလှုပ်ရှားခြိမ်းခြောက်လာတာတွေကြောင့် အစ္စရေးတပ်ဖွဲ့တွေအနေနဲ့ ကာကွယ်ရေးဆိုင်ရာအကြောင်းများကြောင့် ပြုလုပ်ရတာလို့လည်း ပြောခဲ့ပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်အတွင်းကလည်း ဂါဇာဒေသမှ ဟားမားစ်အကြမ်းဖက်တွေ အစ္စရေးနိုင်ငံတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေးပြည်သူ ၁,၂၀၀ ခန့် သေဆုံးကာ ၂၅၁ ယောက် ဓားစာခံအနေနဲ့ ဖမ်းဆီးခံရမှုကို ပြန်လည်ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ ကြေညာချက်မှာတော့ အစ္စရေးအနေနဲ့ မိမိနိုင်ငံကို ကာကွယ်ဖို့နဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးအာမခံနိုင်ဖို့ လိုအပ်တာတွေကို ဆက်လက်ဆောင်ရွက်မယ်လို့ ဖော်ပြခဲ့ပါတယ်။
Ref- Times of Israel