၁၃.၁၂.၂၀၂၄
Written By Thandar
ပြန်ဆိုတေးတွေကြောင့် ပရိသတ်အားပေးမှု ပိုမိုရရှိလာတဲ့ တေးသံရှင် သဒ္ဒါနန်းထိုက်ကတော့ အချစ်နဲ့ပတ်သက်ရင် သူငယ်ချင်းက နောက်ကျောကို ဓားနဲ့ထိုးတာမျိုးခံရဖူးတယ်လို့ ဆိုပါတယ်။
“တကယ်တော့ သဲကို ပြန်ဆိုတေးတွေနဲ့ တွဲမြင်ကြတာကို တစ်ခါတလေတော့ ဝမ်းနည်းမိတာတွေရှိတယ်။ ပြန်ဆိုတေးက ပရိသတ် နားစွဲလွယ်တာကြောင့်လည်း ပါပါတယ်။ တကယ်တော့ သဲ သီချင်းသစ်တွေ လုပ်ထားတာတွေရှိပါတယ်။ သိပ် သတိမထားမိကြဘူး။ ကိုယ်တိုင်လည်း ဆိုရှယ်ပိုင်းမှာ အားနည်းတာကြောင့်လည်း ပါပါတယ်။ သဲအနေနဲ့ ဒီနှစ်ပိုင်းက ကံက အတက်အကျတွေနဲ့ လုံးချာလည်တဲ့နှစ်လို့လည်း ပြောလို့ရတယ်။ ကိုယ့်အနေနဲ့ ကြိုးစားဖန်တီးမှုတွေတော့ လုပ်ဆောင်နေပါတယ်။ သဲက သစ္စာမဲ့ကြောင်း ထင်ရှားပါသဖြင့်လေး လာအပ်တော့လည်း သဘောလည်းကျတယ်။ မအိချောပိုနေရာကိုလည်း ခံစားပြီးဆိုတော့ထားတယ်။ သူ့နေရာ ခံစားချက်တွေက သနားစရာလည်း ကောင်းတယ်ပေါ့နော်။ သဲကိုယ်တိုင်က အဆွေးသီချင်း အသည်းကွဲ သီချင်းဆိုတာ ပိုကြိုက်ပါတယ်။ ဒီနှစ်မှာ ခံစားချက်တွေလည်း သိပ်မကောင်းတာတွေရှိတယ်။ အချစ်နဲ့ပတ်သက်ရင်လည်း သူငယ်ချင်းက နောက်ကျောကို ဓားနဲ့ထိုးတာမျိုးလည်း ခံရတာရှိတယ်။ ကိုယ် သူတို့ကို ဘာမှ မပြောချင်ဘူး။ နားလည်ပေးလိုက်တယ်။ ခုကတော့ ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံး တည်ဆောက်ပြီးတော့ နေထိုင်နေပါတယ်”လို့ တေးသံရှင် သဒ္ဒါနန်းထိုက်က ပြောပါတယ်။
သူမကတော့ Mahar Application က ထုတ်လွှင့်ပြသတဲ့ အမုန်းဇာတ်လမ်းတွဲက “ကမ္ဘာမကြေ အမုန်း” တေးသီချင်း၊ သစ္စာမဲ့ကြောင်း ထင်ရှားပါသဖြင့် ဇာတ်လမ်းတွဲမှာ “အဆိပ်လူးမြား” ဇာတ်ဝင်တေး သီချင်းကို သီဆိုထားသူလည်းဖြစ်ပါတယ်။ တေးသံရှင် သဒ္ဒါနန်းထိုက်တော့ မကြာခင်မှာလည်း ကိုယ်ပိုင်သီချင်းသစ်တွေ ထပ်မံထွက်ရှိဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။